ပုလဲ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၁။
ပုလဲမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် မနေ့က မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ PDF အဖွဲ့တွေရဲ့တိုက်ပွဲမှာ PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ငန်းချောင်းရွာအနီးမှာ မနေ့က မနက် ၁၁ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ အများအပြားသုံးပြီး ပြန်လည်ပစ်ခတ်တာကြောင့် ခုလိုကျဆုံးခဲ့တာဖြစ်တယ်လို့ PRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်က ပြောပါတယ်။
"စစ်ကောင်စီတပ်တွေက ခင်အေး ရွာကနေလာတာ၊ ငန်းချောင်းရွာအထွက်မှာ ချကြတာ၊ သူတို့ဘက်က လက်နတ်ကြီး အရမ်းသုံးတယ်၊ ရင်ဘက်ကို ထိပြီးသေဆုံးသွားတာပါ။" လို့ သူကပြောပါတယ်။
ဒီတိုက်ပွဲကို ပြည်သူ့တော်လှန်ရေး တပ်မတော် - PRA နဲ့ Pale People's Defence Force - Headquarters တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသေဆုံးသွားတဲ့ ရဲဘော်ဟာ Pale People's Defence Force -Headquarters အဖွဲ့က ဖြစ်တယ်လို့ ဗိုလ်ဂျပန်က ဆက်ပြောပါတယ်။
ကျဆုံးသူရဲဘော်ရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီလို့လည်း သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း သေဆုံးသူတွေရှိတယ်လို့ သိရပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment