အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်နေသော PDF-Zoland ခေါင်းဆောင်ကို အန္ဒိယနယ်စပ်တွင်အခြေစိုက်ကာ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ဇိုမီတော်လှန်ရေးတပ် (ZRA)က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီးစစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော အဖွဲ့အစည်း၊ပုဂ္ဂိုလ်များကိုအမြစ်ပြတ် တိုက်ထုတ်သွားမည်ဟု ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) ကသတိပေးလိုက်သည်။
အချက်လေးချက်ပါဝင်သော ယနေ့(ဒီဇင်ဘာ ၁၁)ထုတ်ပြန်ချက်တွင် မဏိပူးရ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ၌ အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zomi Revolutionary Army (ZRA) မှ ချင်းပြည်အတွင်းတွင် အခြေစိုက်သော PDF-Zoland ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် Pu Cin Sian Sum (အသက် ၃၈ နှစ်) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းတွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုဖော်ပြထားသည်။
Pu Cin Sian Sum သည် မင်းအောင်လှိုင် ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ မတရား အာဏာသိမ်းသည့်အချိန်မှစ၍ PDF-Zoland တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၎င်း၏ အသက်ပေးဆပ်ရခြင်းအပေါ် Chinland Joint Defense Committee (CJDC) အနေဖြင့် ကျန်ရစ်သူ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်ဟုပါရှိသည်။
ZRA သည် စစ်အာဏာရှင် တော်လှန်ရေးတွင် မပါဝင်သည့်အပြင် ချင်းပြည်အတွင်း မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်ကြိမ်နှောင့်ယှက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိမိအမျိုးသားများအပေါ် အာဏာရှင်ကဲ့သို့ လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ နှောက်ယှက်ခြင်း လုပ်ရပ်များအား CJDC မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်ဟုဖော်ပြထားသည်။
CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။
PDF-Zoland ခေါင်းဆောင်ကို ဆွေးနွေးရန်ရှိသည်ဟု ZRAကလိမ်လည်ဖိတ်ခေါ်ပြီး အနီးကပ်သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှသိ့ရသည်။ZRAသည် မြန်မာနယ်စပ်တွင်စစ်ကောင်စီသဘောတူညီချက်နှင့် ခိုလှုံပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်နေသောသူပုန်အဖွဲ့တစ်ခုဖြစ်သည်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့်နားလည်မှုယူကာ စစ်ကောင်စီကိုခုခံတော်လှန်နေသူများကို မကြာခဏ နှောင်ယှက်တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။
People's Spring
No comments:
Post a Comment