ငြိမ်းချမ်းစွာဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်ကကားဖြင့် တိုက်အကြမ်းဖက်မှု ၁၀ကြိမ်ထက်မနည်းရှိဟု NUGထုတ်ပြန်

-ပြည့်ရင်သွေးများကို လူမဆန်စွာ သတ်ဖြတ်သည့် စစ်အာဏာရှင် အပြီးတိုင်အမြစ်ဖြတ်ရေး အဆုံးသတ်ထိ တိုက်ပွဲဝင်မည်ဟု ထပ်လောင်း ကတိပြု

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများကို ကားဖြင့်တိုက်၍ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် စစ်ကောင်စီတပ်၏ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှု ပြယုဂ်တစ်ခုဖြစ်ပြီး အလားတူ ဖြစ်စဉ်များစွာရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာလ ၅ ရက်)နံနက်တွင် ကြည့်မြင်တိုင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ လျှပ်တပြတ်သပိတ်အဖြစ် ဆန္ဒပြနေသည့် လူငယ်များကို အကြမ်းဖက် စစ်အုပ်စုက စစ်ကားဖြင့် အနောက်မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ လူငယ်အချို့ ကျဆုံးပြီးအများအပြား ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်၍ NUGက ထုတ်ပြန်ခဲ့ရာ ယခင် စစ်ကောင်စီက ကားဖြင့်တိုက်၍ အကြမ်းဖက်ခဲ့သည့် ဖြစ်စဉ်များကိုပါ ဖော်ပြခဲ့သည်။

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများမှာ အမှန်တရား၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အတွက် ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်နေကြသည့် မိမိတို့ ပြည်သူလူထု၏ ရင်သွေးများလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အကျည်းတန်သော စက်ဆုပ်ဖွယ်ဖြစ်ရပ်များသည် ဖက်ဆစ်စစ်တပ်၏ လက်နက်ကိုင် အနိုင်ကျင့်လိုသည့် ဖုံးဖိမရသော အမူအကျင့်၊ အပြစ်မဲ့ ပြည်သူမှန်သမျှကို ကြိုက်သလို သတ်ဖြတ်နိုင်သည်ဟုခံယူထားသည့် စစ်တပ်၏ အင်မတန်နိမ့်ကျ လူ့ကျင့်ဝတ်မဲ့မှု၏ ပြယုဂ် ဖြစ်ကြောင်း NUGက ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် ထိုသို့သော သတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းသည့် ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားသည့်  ဖြစ်စဉ်များကို ဖော်ပြခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့် တိုက်၍ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့်ဆိုသည့် လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက အကြမ်းဖက်လုပ်ရပ်ဖြစ်သောကြောင့် ထိုလုပ်ရပ်များအပေါ် ပြင်းထန်စွာရူတ်ချကြောင်း၊   စစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်သောကြောင့်  အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုကျုး လွန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာခုံရုံး များတွင် အပြစ်ပေးစီရင်နိုင်ရန်ကြိုးပမ်းနေမှုအား ယဉ်ကျေးသည့်၊ လူ့အဖွဲ့ အစည်းစံချိန်စံနှုန်းများကို လေးစားလိုက်နာ သည့် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးက ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ဖော်ပြသည်။

ထို့ပြင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းများ ဆန့်ကျင်ရေးဆောင်ရွက်ချက် များနှင့်အညီ ကိုင်တွယ်အရေးယူကြရန်လည်း NUGက တောင်းဆို သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြည်သူများက အသိတရားရှိရှိဖြင့် ကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုစီအတွက် ကျူးလွန်သူတစ်ဦးချင်းစီတိုင်းကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အချက်အလက်အထောက်အထားများ ရှာဖွေခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ တရားရုံးမျာမှတစ်ဆင့် အရေးယူနိုင်ရန် ကြိုးစားခြင်းဖြင့် တရားမျှတမှုကို ပြည်သူနှင့်လက်တွဲ၍ ‌ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုသည်ဟု NUGက ထုတ်ပြန် သည်။

အဖိုးတန်လှသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်ပေါင်းများစွာကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံနေရခြင်း၊ ပညာသင်ပြီး ကိုယ့်ဘဝတိုးတက်ရေး၊ တိုင်းပြည်တိုးတက်ရေး ကြိုးစားရမည့် လူငယ်များ လမ်းပေါ်တွင် ဆန္ဒပြရင်း သေကျေကြရခြင်း၊ မိဝေးဖဝေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ပင်ပန်းဆင်းရဲ ခံကြရခြင်း ၊ မတရားဖမ်းဆီး ခံရကာ စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခံရခြင်းများအားလုံး အမြန်ဆုံးအဆုံးသတ်နိုင်ရန်  အားလုံးတွင် တာဝန်ရှိကြောင်းဖော်ပြသည်။

ထို့ကြောင့် တရားမျှတမှုအတွက်၊ လွတ်လပ်မှုအတွက်၊ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှမှုအတွက် တောင်းဆိုနေသည့် ပြည့်ရင်သွေးများကို ယခုကဲ့သို့ လူမဆန်စွာ ရက်စက်သတ်ဖြတ်သည့် အကြမ်းဖက်စစ် အာဏာရှင်များအား အပြီးတိုင်အမြစ်ဖြတ် အဆုံးသတ်နိုင်စေရေး  နိုင်ငံအဝန်းတွင်ရှိသည့် ပြည့်ရင်သွေး လူငယ်များနှင့် ပြည်သူတရပ်လုံး၏ ပေးဆပ်ခဲ့ရမှုများ ၊ ဆက်လက်ပေးဆပ်နေရမှုများ အလဟဿ မဖြစ်စေရန်အတွက် သမိုင်းကပေးသောတာဝန်ကို ဦးထိပ်ရွက်ဆင် ၍  အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမည်ဟု ထပ်လောင်းကတိသစ္စာပြုကြောင်း NUGက ထုတ်ပြန်သည်။

 ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား စစ်ကောင်စီတပ်က ကားဖြင့်တိုက် အကြမ်းဖက်သည့် ဖြစ်ရပ်များ—

— ဖေဖော်ဝါရီ ၂၇ ရက် မြိတ်မြို့တွင် ဆန္ဒပြသူတစ်ဦး အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့က ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးခဲ့သည်။ 

 – မေလ ၂ ရက် ​ရွှေဘိုမြို့တွင် ရွှေဘိုပင်မသပိတ်စစ်ကြောင်း လူစုနေစဉ် အကြမ်းဖက်စစ်အုပ်စုမှာ လူအုပ်ထဲသို့ ကားဖြင့် ဝင်တိုက်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးသွားခဲ့သည်။ 

 — မေလ ၆ ရက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့သဖြင့် ဆိုင်ကယ်စီးလာသူ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 – မေလ ၂၁ ရက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ထင်ရှားသည့်ကချင်တက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်သော ဒေါ်ဆိုင်းနူးပန်နှင့် ဦးလွမ်းဇောင်း အပါအဝင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့က သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်၍ ဖမ်းဆီးသွားခဲ့သည်။

— မေလ ၂၈ ရက် မန္တလေးမြို့တွင် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့သဖြင့် သံဃာနှစ်ပါး ဖမ်းဆီးခံခဲ့ရသည်။ 

 – ဧပြီလ ၁၅ ရက် မုံရွာမြို့တွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဦးဆောင်၍ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့က အရပ်သား အိမ်စီးကားဖြင့် တဖက်ယာဉ်ကြောမှ မောင်းနှင်လာကာ ကားနှင့်တိုက်၍ ဖမ်းဆီးခဲ့သည်။ ကိုဝေမိုးနိုင် ဆိုင်ကယ်လဲကျသွားသောအခါ ၎င်းတပ်ဖွဲ့ဝင်များ ကားပေါ်မှ ဆင်း၍ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခဲ့သည်။

 – ဇွန်လ ၆ ရက် မန္တလေးမြို့တွင် လူငယ်သုံးဦးစီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား အကြမ်းဖက် စစ်အုပ်စုမှ ကားဖြင့်ဝင်တိုက်ခဲ့သဖြင့် လူငယ်နှစ်ဦး သေဆုံးခဲ့သည်။ 

– ဇွန်လ ၁၆ ရက်နေ့ မန္တလေးမြို့တွင် မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း လူစုနေကြစဉ် ဆန္ဒပြသူများ၏ ဆိုင်ကယ်များကို ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် ဆန္ဒပြသူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

 – အောက်တိုဘာ ၂ ရက်နေ့ မန္တလေးမြို့တွင် မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးခဲ့သဖြင့် သံဃာ ငါးပါးနှင့် ဆန္ဒပြ ပြည်သူ သုံးဦး အဖမ်းဆီးခံခဲ့ရသည်။ ထိုတစ်နေ့တည်းမှာပင် LGBT အရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်သော စူးရှရှင်းသန့်ကို ဆိုင်ကယ်မောင်းနေစဉ် အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

–အောက်တိုဘာလ ၁၈ ရက် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် လူငယ် ၆၀ ခန့်စုဝေး၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ကားဖြင့် ဝင်တိုက်၍ ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ 

–ဒီဇင်ဘာလ ၅ ရက် နံနက်တွင်  ရန်ကုန်တိုင်း  ကြည့်မြင်တိုင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ လျှပ်တပြတ်သပိတ်အဖြစ် ဆန္ဒပြနေသည့် လူငယ်များကို အကြမ်းဖက် စစ်အုပ်စုက စစ်ကားဖြင့် အနောက်မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ လူငယ်အချို့ ကျဆုံးပြီး အများအပြား ဖမ်းဆီးခံခဲ့ရသည်။

People's Spring 

ငြိမ်းချမ်းစွာဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်ကကားဖြင့် တိုက်အကြမ်းဖက်မှု ၁၀ကြိမ်ထက်မနည်းရှိဟု NUGထုတ်ပြန် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်ကကားဖြင့် တိုက်အကြမ်းဖက်မှု ၁၀ကြိမ်ထက်မနည်းရှိဟု NUGထုတ်ပြန် Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.