ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နေရာအနှံ့တိုက်ပွဲဖြစ်

စစ်ကောင်စီဘက်က မုံးကိုးခရိုင်မှာ စစ်ကူတွေ အဆက်မပြတ်ဖြည့်တင်းနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မြင့်လာနိုင်တယ်ဆိုတဲ့ယူဆချက်တွေအပြီး အခုတိုက်ပွဲတွေပေါ်ပေါက်လာတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ် MNDAA တို့ ဒီဇင်ဘာလ ၁၀ ရက်မှာ နေရာအနှံ့ နာရီနဲ့ချီတဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် မနက် ၇ နာရီမှာ ပန်ရင်လပမှာဖြစ်တဲ့တိုက်ပွဲဟာ ညနေ ၂ နာရီကျော်မှ ရပ်ခဲ့ပြီး စစ်ကောင်စီဘက်က မန်ဖာနဲ့ ကိုးကန့်ဒေသမှာရှိတဲ့လက်နက်ကြီးစခန်းကနေ MNDAA ဘက်ကို နက်လက်ကြီးကျည်စုစုပေါင်း ၆၀ ကျော်နဲ့ပစ်ခတ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

တခါ အဲဒီတစ်မနက်ခင်းတည်းမှာပဲ စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၃၁၅ နဲ့ ၁၁၃ တို့ကို လူအင်နား ၂၀၀ နီးပါးနဲ့ MNDAA ရဲ့ မန်ရန်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ လည်းဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး ဆုတ်ခွါသွားခဲ့ပေမဲ့ ကိုးကန့် MNDAA ဘက်က ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

နောက် အဲဒီနေ့ နေ့လည်မှာပဲ စစ်ကောင်စီဘက်က ကိုးကန့် MNDAA ရဲ့ ချင်ချိုင့်ထန် တပ်စခန်းကို ၃ ကြိမ်တိတိထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးမသိရပေမဲ့ ကိုးကန့်တပ်ဘက်ကတော့ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်နေတာ လနဲ့ချီကြာမြင့်လာပြီဖြစ်ပေမဲ့ အဲဒီက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ မထုတ်ပြန်သေးပါဘူး။

BBC Burmese
ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နေရာအနှံ့တိုက်ပွဲဖြစ် ကိုးကန့်ဒေသမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နေရာအနှံ့တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.