KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို စတင်ရောင်းချပေးနေပြီဟု ထုတ်ပြန်

လိုင်ဇာ၊ ဒီဇင်ဘာ ၂၅

KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို ပြည်တွင်းပြည်ပ၌ စတင်ရောင်းချမည်ဖြစ်ပြီး ဝယ်ယူရမည်နည်းလမ်းများကို website ပေါ်တွင် ကြေညာပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ငွေတိုက်စာချုပ်များကို ပြည်တွင်း၌ KIO ၏ ဘဏ်စနစ်များအသုံးပြု၍ ရောင်းချသွားမည်ဟု ဒီဇင်ဘာ (၇) ရက် ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ထိုသို့ရောင်းချရန် ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။

ငွေလွှဲပြောင်းမှုများ အဆင်မပြေဖြစ်၍ ရောင်းချမှုရပ်ထားသည့် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို ယခုကဲ့သို့ ပြည်တွင်း၌ရောင်းချနိုင်ရန်  KPICT (Kachin Political Interim Coordination Team) နှင့် ပူးပေါင်း၍လက်ခံ ဆောင်ရွက်သွားခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။

ဘဏ်ငွေလွှဲစနစ်များ အခက်အခဲရှိ၍ ငွေတိုက်စာချုပ်ရောင်းချမှုများကို နိုဝင်ဘာ(၂၉)ရက်မှ ဒီဇင်ဘာ(၆)ရက်အထိ ရပ်ဆိုင်းမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကနဦး ကြေညာခဲ့သည်။

သိုသော် ချက်သမ္မတနိုင်ငံရှိ NUG ၏ ဘဏ်ငွေစာရင်းသို့ အမည်ပျက်စာရင်းရှိသူများနှင့် နာမည်တူများက ငွေလွှဲမှုများရှိနေ၍ ယင်းကိစ္စကို ဘဏ်နှင့် ညှိနှိုင်းနေရသည်။

ထို့ကြောင့် ငွေတိုက်စာချုပ်ရောင်းချမှုကို မလွဲမရှောင်သာ ဆက်လက်ရပ်နားမည်ဟု  ယမန်နေ့က ထပ်မံထုတ်ပြန်ခဲ့သည်။

NUG က နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နှင့် ၅ဝဝဝ တန် အထူးငွေတိုက်စာချုပ်များကို နိုဝင်ဘာ (၂၂) ရက်မှ စတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ (၂၈) ရက်အထိ ဒေါ်လာ(၁၅)သန်းဖိုးရောင်းခဲ့ရသည်ဟု ဆိုထားသည်။

ထို (၁၅) သန်းအနက် ချက်ဘဏ်ရှိ (၁၂) သန်းကို NUGက ရရှိထားပြီး စင်ကာပူ RHB ဘဏ်က လက်ခံထားသည့် ငွေ (၃) သန်းကျော်ကိုမူ အခက်အခဲတချို့ကြောင့် ဝယ်သူများထံ စင်ကာပူဘဏ်က ပြန်လည်ပေးပို့ခဲ့သည်။

ထိုဝယ်ယူသူများကိုလည်း အခြားဘဏ်တစ်ခုသို့ ပြန်လည်လွှဲပြောင်းပေးရန် NUG က စီစဉ်ခဲ့ရသည်။

လူငယ့်ခေတ် / Lu Nge Khit

KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို စတင်ရောင်းချပေးနေပြီဟု ထုတ်ပြန် KPICT နှင့် NUG ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို စတင်ရောင်းချပေးနေပြီဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 07:26 Rating: 5

No comments:

Powered by Blogger.