KIA တိုက်ခိုက်လိုက်သည့် စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်PDFက နေရာ ၈ခု၌ မိုင်းဖြင့် ထပ်မံတိုက်ခိုက်၊ အနည်းဆုံး ယာဉ် ၂စီးပျက်စီး
(စစ်ကောင်စီ၏ စက်သုံးဆီယာဥ်မိုင်းထိ့၍ မီးလောင်ပျက်စီးခဲ့သည် ။ဓါတ်ပုံ-CJ) |
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်လိုက်သည့် စစ်ကား ၃၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က နေရာ ၈ခု၌ မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းထပ်မံပြုလုပ်ခဲ့ကြောင်းPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်သို့ ယနေ့( ဒီဇင်ဘာ ၄ရက်) မွန်းလွဲ ၂နာရီ ခွဲတွင် စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာရာ ဘိုတဲကုန်း၊ ဆီးဖြူကျင်း၊ ဆားတွင်း၊ ရွှေလီ၊ ကွင်းကြီး၊ ပေါက်ကုန်း ၊ သခွပ်ချောင် စသည့် ကျေးရွာများ အနီး နှင့် ထီးချိုင့်အထွက် တစ်နေရာအပါအဝင် နေရာ ၈နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ဟု ၎င်း ကဆက်ပြောသည်။
“မိုးညှင်းကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ၃၀ကျော်ကို ကျွန်တော်တို့ ထီးချိုင့် PDFက နေမှ မိုင်းခွဲတိုက်ခိုက်တယ်၊ကျန်တဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့လည်း ပစ်တယ်ပေါ့။အဲဒီမှာ အထက်မှာထိခဲ့တဲ့ဟာတွေလည်း မိုင်းခွဲတဲ့ဟာတွေလည်းရှိတယ်။ မြေပြင်မှာ ဆီဘောက်ဆာကားမီးလောင်တယ်။ ထီးချိုင့်မြို့နယ်အဝင်မှာ ကားတစ်စီးလဲသွားတယ်။ မိုင်းခွဲတော့ ကားတစ်စီးက ထိပြီးလဲသွားတယ်။ အထိအခိုက်အကျအဆုံးက မသိဘူး” ဟု အဆိုပါ PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းတွင် ဆီဘောက်ဆာကားများ၊ ရိက္ခာတင်ယာဉ်များ ပါဝင်ကြောင်း ၎င်း ကဆိုသည်။
“ထီးချိုင့်မြို့နယ် ကျော်သွားရင် မန္တလေးတိုင်းထဲ ရောက်သွားတဲ့အတွက် မန္တလေးတိင်းမှာတော့ ဒီဟာမျိုးက သိပ်လုပ်တဲ့ဟာတော့မရှိဘူး။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ မိုင်းခွဲတိုက်ခိုက်တာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တာ က ထီးချိုင့်မြို့နယ် ပြီးသွားရင်တော့ သိပ်မရှိတော့ပါဘူး” ဟုလည်း PDFတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese ကလည်း ယနေ့မနက် ကအာဏာသိမ်းစစ်ကောင်စီတပ်၏ ကား ၃၃စီးပါ ယာဉ်တန်းကို မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ ပင်ဝေနှင့် မော်လူးကြားတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။စစ်အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းကို နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
KIAနှင့် ကချင်-စစ်ကိုင်းဒေသရှိ PDF တပ်ဖွဲ့များက အာဏာသိမ်းစစ်ကောင်စီတပ်ကို သီးခြားတိုက်ခိုက်သလို၊ ပူးပေါင်းခုခံတိုက်ခိုက်ခြင်းများလည်းရှိသည်။
People's Spring
No comments:
Post a Comment