ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဖြစ်စဥ်အား သွေးကြွေးစပ်သည့်အနေဖြင့် စီးပွားရေးဘဏ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျားတပ် Generation Defence Force - GDF က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာ ၅)ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အဆောက်အအုံ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အစောင့်ချထားသော စစ်ကောင်စီတပ်မှ ရဲတစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုလည်းရှိနိုင်ကြောင်း မျက်မြင်တွေ့ရှိသူကို ကိုးကားပြီး ဒေသခံများက ပြောသည်။
အထက်ပါဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်သူများကို စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု GDF က အသိပေးထားသည်။
ယနေ့နံနက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသော လူငယ်များအား စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အပါအဝင် အဖွဲ့အစည်းအသီးသီးက သဘောထားထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment