ကမ္ဘာတလွှားမှာ ကိုဗစ်မျိုးကွဲသစ်ပေါ်လာလို့ စိုးရိမ်မှု ကြီးထွားလာချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေး ၀န်ထမ်းတွေကို ထပ်မံ ဖိအားပေးမှုတွေ လုပ်ဆောင်လာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် CDM လုပ်ထားပြီး ရောက်ရာနေရာမှာ လူထုကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ နိုင်ငံတဝန်းက ဆရာ၀န် ၆၀ ဦး လောက်ကို စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနက အခုရက်ပိုင်းအတွင်း ရာထူးကထုတ်ပယ်ကြောင်းစာတွေ ပေးပို့ခဲ့ပါတယ်။
အဲဒီစာထဲမှာ ချေးငွေတွေ ပြန်ဆပ်ဖို့နဲ့ ဘွဲ့လွန်ကျောင်းသားဆိုရင် သင်တန်းက ထုတ်ပယ်တဲ့ အကြောင်း စာပို့လာတယ်လို့ ဘွဲ့လွန်သင်တန်း တက်နေတဲ့ ဒေါက်တာ စိုးသူရဇော်က ဘီဘီစီကို ပြောပါတယ်။
အခုလိုစာတွေ ပေးဖို့ ခံရဖို့ အရင်ကတည်းက မျှော်လင့်ပြီးသားဖြစ်တဲ့အပြင် ဖမ်းဆီး အမှုဖွင့်မှုတွေအထိပါ ရှိလာနိုင်တယ် ဆိုတာကိုလည်း ကြိုတွေးပြီးသား ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
အခုလို စစ်ကောင်စီ ရဲ့ ဖိအားပေးမှုတွေကြောင့် အလုပ်ခွင် ပြန်၀င်မှာ မဟုတ်ဘဲ CDM ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရေရှည်မှာတော့ တော်လှန်ရေး မြန်မြန် အောင်မြင်ဖို့ အတွက် CDM ၀န်ထမ်းတွေ ၊ ပြည်သူတွေ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တပြိုင်တည်း အတူ ရုန်းကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
BBC Burmese
No comments:
Post a Comment