နေပြည်တော် လယ်ဝေးမှ CDM ကျောင်းဆရာတစ်ဦး စကစ၏ စစ်ကြောရေးတွင် ကွယ်လွန်

စကစ၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် ညှဉ်းပန်းနှိပ်စက်ခံရကာ ကျဆုံးသူ ဆရာ ဦးလမင်းမောင်

MFP ၊ ဒီဇင်ဘာ - ၂၂

နေပြည်တော် လယ်ဝေးမြို့နယ်မှ CDM အလယ်တန်းပြ ကျောင်းဆရာ ဦးလမင်းမောင်သည် စစ်ကောင်စီ လက်နက်ကိုင်များ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်ခံရကာ ကွယ်လွန်ကြောင်း နီးစပ်သူအသိုင်းအဝိုင်းက ဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေသော CDM ကျောင်းဆရာ ဦးလမင်းမောင်ကို ဒီဇင်ဘာ(၂၀)ရက်တွင် လယ်ဝေးမြို့နယ် ကန်လှရွာ၌ စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့နောက် ဖမ်းဆီးပြီး နာရီပိုင်းအကြာ ဒီဇင်ဘာ(၂၁)ရက်တွင် အလာင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် စစ်ရေးအကျဉ်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြသည်။

သို့သော် စစ်ကောင်စီက အလောင်းပြန်မပေးဘဲ မိသာစုဝင်များကို လာကြည့်ခိုင်းခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

“အထက်တန်းကျောင်းသား ဘဝက ခပ်အေးအေးပဲ။ ၂၀၀၁ လောက်က။ ကျူရှင်ခန်း ရဲ့ ဟိုးနောက်ဆုံးထောင့်ကျကျနေရာကို ရွေးပြီး ထိုင်တတ်တယ်။ ….. ။ ပုစ္ဆာတွေ ရှင်းပြပြီးလို့ နားလည်ရဲ့ မေးတဲ့အခါ ခပ်ခပ်အေးအေးပဲ ဟုတ်ကဲ့ ဆရာ တလုံးပဲ။ အမြဲတမ်း ပြုံးပြုံးအေးအေး ရည်ရည်မွန်မွန်” ဟု ကွယ်လွန်သူ ဆရာ ဦးလမင်းမောင်နှင့် ပတ်သက်၍ သူ့ကို ပညာသင်ပေးခဲ့သူ ဆရာတစ်ဦးက မှတ်ချက်ပြုရေးသားထားသည်။

စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့သူ CDM ကျောင်းဆရာ ဦးလမင်းမောင်သည် အသက်(၃၀)ကျော်အရွယ် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပြီး အနေအေးသူ ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ ဆက်လက် လုပ်ဆောင်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်းမှာပင် စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် ပြည်သူ (၅၉)ဦး ရှိကြောင်း၊ အဆိုပါ (၅၉)ဦးတွင်  အမျိုးသမီး ငါးဦးနှင့် အသက်(၁၈)နှစ်အောက် ကလေးသူငယ် ခြောက်ဦး ပါဝင်သလို (၁၄) ဦးသည် ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် ကျဆုံးခြင်း ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ထို့အပြင် အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ(၁)ရက်မှ ဒီဇင်ဘာ(၂၁)ရက်အထိ (၁၀)လကျော်အတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ ပြည်သူ (၁၃၅၁) ဦးကို သတ်ဖြတ်ခဲ့သည်ဟု  AAPP က ဆိုသည်။ AAPP သည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း  လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို နေ့စဉ်မှတ်တမ်းပြုစုကာ ထုတ်ပြန်နေသော အရပ်ဘက်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

Mandalay Free Press - MFP

နေပြည်တော် လယ်ဝေးမှ CDM ကျောင်းဆရာတစ်ဦး စကစ၏ စစ်ကြောရေးတွင် ကွယ်လွန် နေပြည်တော် လယ်ဝေးမှ CDM ကျောင်းဆရာတစ်ဦး စကစ၏ စစ်ကြောရေးတွင် ကွယ်လွန် Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.