ဒီဇင်ဘာလ ၁၇ ရက်နေ့မှစပြီး မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်း နှစ်ကြောင်းနှင့် CDF – Mindat တို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးခန့်ကျဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိပြီး CDF – Mindat မှရဲဘော် ၁ ဦးရှစ်မွှေးရွာတိုက်ပွဲတွင် ကျဆုံးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။
ဒီဇင်ဘာလ (၂၄) ရက်နေ့က မင်းတပ်မြို့ပေါ်အရှေ့ပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးနှင့် ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ဒေသခံချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက် (၂) လက်သိမ်းဆည်းရမိခဲ့သည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့ကတည်းက စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ဖွဲ့များမှ ဒေသခံရွာများရှိ ကြက်၊ ဝက်များကို သတ်ဖြတ်စားသောက်ခဲ့ကြသည့်အပြင် လက်နက်ကြီးများဖြင့် လူနေအိမ်၊ ဝမ္မသူးကျေးရွာရှိ ဆေးရုံတို့ကို ပစ်ခတ်ဖျက်စီးခဲ့ကြောင်း ဒေသခံချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF – Mindat ကထုတ်ပြန်ထားသည်။
တိုက်ပွဲကာလအတွင်း အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အခြားဒေသခံအချို့လည်း ဖမ်းစီးခံထားရကြောင်းသိရသည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့မှ မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ရက်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်များ ကျေးရွာများတွင် ဆက်လက်တပ်စွဲနေမှုရှိနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်မည့်အခြေအနေရှိကြောင်းသိရသည်။
Chin World
No comments:
Post a Comment