ရေဦးနယ်အတွင်း ရွာစဉ်ပတ်မွှေကာ ခိုးဝှက်လုယက် သတ်ဖြတ်နေသော စကစများ ပေါက်တောရွာကိုလည်း ဝင်မွှေ ဖျက်ဆီးသွား
MFP ၊ ဒီဇင်ဘာ - ၂၅
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ပေါက်တောရွာသို့ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ မွှေနှောက်လုယက် ဖျက်ဆီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ ရေဦးက သတင်းထုတ်ပြန်သည်။
ရေဦးမြို့နယ်အတွင်ူ ရွှာစဉ်ပတ်မွှေကာ လူသတ်၊ ပစ္စည်းလု၊ ခိုးဝှက်ကာ ဒေသခံများကို အနိုင်ကျင့်နှိပ်စက် သောင်းကြမ်းနေသော စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ(၂၄)ရက်တွင် ပေါက်တောရွာသို့ စီးနင်းဝင်ရောက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ(၂၅)ရက် မနက်ပိုင်းတွင် ရွာမှ ပြန်ထွက်သွားသည်ဟု ဆိုသည်။
နှိပ်စက် သတ်ဖြတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရချိန်တွင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများက ပေါက်တောရွာအတွင်း ညအိပ်တပ်စွဲကာ ထင်တိုင်းကျဲ မွှေနှောက်ပြီး ခိုးယူလုယက်သွားခြင်း ဖြစ်ပြီး လက်ရှိတွင် နေအိမ်မည်မျှ မွှေနှောက်ခိုးယူခံရသည်ကို မသိရသေးဟု ဆိုသည်။
အဆိုပါ စကစ အကြမ်းဖက်သမားများကို ယနေ့ မနက်ပိုင်းအချိန် ပေါက်တောရွာအထွက်၌ ဒေသခံ PDF နှင့် ပ.က.ဖ အဖွဲ့များက စလစ်နှစ်လုံး၊ စိန်ပြောင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အသေအပျောက် အခြေအနေ မသိရသေးဟု ပ.က.ဖ ရေဦးက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စကစများသည် ရွာမိဿာ၊ အောင်သာ နှင့် မုတ်စီရွာဘက်သို့ ဦးတည်နေ၍ အဆိုပါ ကျေးရွာများမှ ဒေသခံ ပြည်သူများ စကစများရန်ကို ဂရုပြုရန် ပ.က.ဖရေဦးက သတိပေးထားသည်။
အကြမ်းဖက် စစ်အုပ်စုသည် ပြီးခဲ့သည့် ရက်ပိုင်းက ရေဦးမြို့နယ် ရေမျက်ရွာကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး စီးနင်းကာ ဒေသခံ ခုနှစ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ်၊ ကားနှင့် ဆိုင်ကယ်များ အပါအဝင် ရွာခံများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုလည်း အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက ထင်တိုင်းကျဲ သတ်ဖြတ်ကာ သောင်းကြမ်းဖျက်ဆီးသွားသဖြင့် ရေမျက်ရွာသည် ရွာပျက်ကြီး ဖြစ်သွားပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
Mandalay Free Press - MFP
ရေဦးမြို့နယ် ပေါက်တောရွာ နေအိမ်များကို စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများ ထင်တိုင်းကျဲ မွှေနှောက်ကာ တန်ဘိုးရှိ ပစ္စည်းများ ခိုးဝှက်လုယက်သွားစဉ်/ Photo - ပ.က.ဖ ရေဦး
No comments:
Post a Comment