MFP ၊ ဒီဇင်ဘာ - ၂၂
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်မွှေနှောက် လုယက်ဖျက်ဆီးနေသော စကစနှင့်ပျူ အကြမ်းဖက် သမားများကို ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုဖြစ်သော ဗိုလ်မိချောင်းအဖွဲ့နှင့် ကျားပျံအဖွဲ့ က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၂၂)ရက်တွင် ရွှေဘိုမြို့နယ် စောင်းတန်းကျေးရွာအတွင်း ဝင်ရောက်မွှေနှောက် လုယက်ပြီး ဆိုင်ကယ်ရှစ်စီးဖြင့် ပြန်လာချိန်သော အဆိုပါ စကစနှင့် ပျူ အကြမ်းဖက်သမား အုပ်စုကို ဆိပ်ခွန်ရွာအရှေ့ရှိ အုတ်ကန်ကုန်းအရောက်တွင် တော်လှန်ရေး မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာတွင် စကစများ အသေအဆုံး မသိရသေးဘဲ ဒဏ်ရာအပြင်းအထန် ရရှိသူများကို တင်ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်” ဟု ဗိုလ်မိချောင်းအဖွဲ့နှင့် ကျားပျံအဖွဲ့ ရွှေဘိုပြောက်ကျားတပ်က ဆိုသည်။
အဆိုပါ စကစနှင့် ပျူ အကြမ်းဖက်အုပ်စုသည် ရွှေဘိုမြို့ ပလိုင်းကျေးရွာတွင် စခန်းချနေပြီး အနီးအနား ကျေးရွာများကို ရွာစဉ်ပတ်မွှေကာ ခိုးဝှက်လုယက် လူသတ်နေသူများ ဖြစ်ကြောင်း ၄င်းအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မိုင်းဆွဲအမှုကို မဟာမိတ်များဖြစ်သော ဗိုလ်မိချောင်းအဖွဲ့နှင့် ကျားပျံအဖွဲ့၊ Snake Eyes နှင့် Shwebo Ghosts တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စကစနှင့် ပျူ အကြမ်းဖက်အုပ်စု၏ ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာတွင် အရှေ့ဘက် ကပ်လျက် ပါလာသော သုံးဘီးဆိုင်ကယ်ကြောင့် လုပ်ငန်းစဉ်အပေါ် များစွာ အနှောက်အယှက် ဖြစ်စေခဲ့ကြောင့း၊ ထို့အတွက် ခရီးသွားပြည်သူများ အနေဖြင့် ရှေ့နောက်မသင်္ကာစရာ ယာဉ်များ၊ ယဉ်တန်းများ တွေ့ရှိပါက ခပ်ခွာခွာမှ မောင်းနှင်ရန် ရွှေဘိုတော်လှန်ရေး အင်အားစုများက တိုက်တွန်းသည်။
Mandalay Free Press - MFP
No comments:
Post a Comment