MFP ၊ ဒီဇင်ဘာ - ၂၆
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အနီး ဧရာဝတီမြစ်အတွင်း သွားလာနေသော စစ်ကောင်စီ၏ အမြန်ရေယာဉ်တစ်စီးကို မြစ်လယ်သောင်ပြင်တွင် ရှေ့ထွက်မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ(၂၅)ရက် မနက်(၁၁)နာရီကျော်အချိန်က လက်နက်၊ ရိက္ခာနှင့် စကစ(၃၀)ခန့် တင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်ဘက်မှ ကသာဘက်သို့ ဆန်တက်လာသည့် အမြန်ရေယာဉ်ကို မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ထီးချိုင့်တောင်ပေါ်မှ လက်နက်၊ ရိက္ခာများနှင့်အတူ စခ ၃၀ ခန့် တင်ဆောင်ကာ အထက်သို့ ဆန်တက်လာသော အမြန်ယာဉ်တစ်စီးကို ဧရာဝတီမြစ် ရေလယ်သောင်ပြင် တစ်နေရာတွင် မြေခွေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ပါသည်။ မိုင်းမိပြီးပြီးချင်း အမြန်ယာဉ်စက်ရပ်သွားကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် မနားတမ်း ရမ်းပစ်ပြီး ( 60mm- နှစ်ချက်၊ 40mm- ငါးချက်၊ လက်နက်ငယ် မနားတမ်းပစ်) မီးခိုးများ မှောင်နေအောင်မောင်းကာ အထက်သို့ ဆက်လက် ဆန်တက်သွားပါသည်” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စကစများ ထိခုက်မှု အခြေအနေ အသေးစိတ် မသိရသေးဘဲ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
စကစ အမြန်ရေယာဉ် မိုင်းဆွဲခံရသည့်ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျွန်းပေါ်ကျရောက်သဖြင့် ဒေသခံတောင်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသော်လည်း အထိအခိုက် မရှိဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၆)ရက်ကလည်း ထီးချိုင့်မြို့နယ် တုံလုံကျွန်းတောအနီးသို့ စစ်ကြောင်းထိုးလာသည့် ဒု-ဗိုလ်မှူးကြီးအဆင့်ရှိ နေဦးလှိုင် ဆိုသူ ဦးဆောင်သော အင်အား(၆၀)ခန့်ရှိ စကစများကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ (၁၅)ဦးခန့် သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အတွင်း စကစ အမြန်ရေယာဉ်ကို မိုင်းဆွဲတိုက်ခိုက်စဉ်/ Photo - ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြေခွေးတပ်ဖွဲ့ |
No comments:
Post a Comment