ကားမီးလောင် ပျက်စီးပြီး အနီးရှိ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ၊
MFP၊ ဒီဇင်ဘာ - ၂၆
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ (၁၇)လမ်းနှင့် (၁၈)လမ်းကြား ချယ်ရီဝင်းအတွင်း ရပ်ထားသော ကားတစ်စီး ယနေ့ ဒီဇင်ဘာ(၂၆)ရက် မနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ကားသည် တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ ကားဖြစ်ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကားသည် အမှတ်(၁) စစ်မြေပြင် ဆေးတပ်ရင်း ခေါ် မဆရ (၁)ဆေးတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ အဖြူရောင် ခွေးဘီလူးကား ဖြစ်ပြီး မိုင်းဖြင့် ပစ်ပေါက် ဖောက်ခွဲခံရခြင်း ဖြစ်သည်ဟု MFP ၏ သတင်းရင်းမြစ်များက ဆိုသည်။
အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ချယ်ရီဝင်းရပ်၊ လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ (၁၇)လမ်းနှင့် (၁၈)လမ်းကြား၌ ကားရပ်ထားချိန် မိုင်းဖြင့် ပစ်ပေါက် ဖောက်ခွဲခံရသဖြင့် ကားမီးလောင် ပျက်စီးခဲ့သလို အနီးဝန်းကျင်ရှီ နေအိမ်အဆောက်အဦး အချို့ ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးမှ ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးအနားတွင် အဝတ်လှန်းနေသူ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ခြေထောက်တွင် မှန်ကွဲစထိမှန်ကာ အနည်းငယ် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
အမှတ်(၁) စစ်မြေပြင် ဆေးတပ်ရင်း ခေါ် မဆရ (၁)ဆေးတပ်သည် မန္တလေး နန်းတွင်းရှိ ဆေးတပ်ဖြစ်သည်။
အာဏာသိမ်းစ ပြီးခဲ့သည့် မတ်လအတွင်းကလည်း အဆိုပါ အောင်မြေသာစံမြို့နယ် လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ လမ်း(၂၀)ဝန်းကျင်ရှိ ကားများကို စစ်ကောင်စီ လက်နက်ကိုင်များက မကြမ်းဖက် ရိုက်နှက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ဖူးသည်။
Mandalay Free Press - MFP
Photo - CKK
No comments:
Post a Comment