စစ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်မှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင်ဘာ ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းချိန်ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေဖြစ်ရာကနေ နိုင်ငံတကာရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်ထက် လျော့ကျသွားတယ်လို့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။
စစ်ကောင်စီလက်ထက်မှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သုံးခု၊ စင်္ကာပူက နှစ်ခု နဲ့ နော်ဝေ၊ ပြင်သစ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဩစတေးလျ၊ ဗြိတိန် စတဲ့နိုင်ငံတွေကက ကုမ္ပဏီ တစ်ခုစီဟာလည်း မြန်မာနိုင်ငံက ထွက်ခွာဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့တာတွေ ရှိနေတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ Sandhi Governance Institute ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်မှာ GDP - ၁၈ % အထိ ကျ ဆင်းမယ်လို့ ဆိုထားသလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ၀ ဒဿမ ၁ % အထိ ကျ ဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ ကြားကာလ ၆ လအတွင်း ၃ ဒဿမ ၈ % ရာခိုင်နှုန်းရှိမယ်လို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ပြောခဲ့ဖူးပါတယ်။
ကုန်ဈေးနှုန်းတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်နေပြီး ဒါကို ထိန်းချုပ်ဖို့ လုပ်နေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့တဲ့ ပို့ကုန်တွေဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၀၁၉ -၂၀၂၀ ထက် လျော့ကျသွားတယ်လို့ ဆိုပြန်ပါတယ်။
နောက်ပြီး ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ စက်သုံးဆီ ချွေတာဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment