MFP ၊ ဒီဇင်ဘာ - ၂၉
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်လေ့ရှိသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စုဝေးနေသော စကစ လက်နက်ကိုင် (၂၀)ဦးခန့်ကို လက်လုပ်ဗုံး သုံးလုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ထိတော့ ထိတယ်။ ကျွန်တော်တို့လည်း ပစ်ပြီးတာနဲ့ ပြန်ဆုတ်တာဆိုတော့ သေချာ မကြည့်လိုက်ရဘူး။ လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာပါ။ သူတို့ အင်အား ၂၀ ဝန်းကျင် ရှိတယ်။ အဲဒီနားက သူတို့ တခါတလေ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ပိုက်ဆံတောင်းနေကြ နေရာပါ" ဟု Monywa Nightking ပြောက်ကျားတပ်ဖွဲ့က MFP သို့ ပြောသည်။
အဆိုပါ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စကစများ စုဝေးကာ လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ မောင်းနှင်လာသူအချို့ကို စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်လေ့ရှိသော နေရာဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
"အခု လက်လုပ်ဗုံးက မသေတောင် ထိခိုက်ဒဏ်ရာကတော့ ရတယ်။ စုံစမ်းနေတုန်းပဲ။ တကယ် လက်ပစ်ဗုံးအစစ်နဲ့ ဆိုရင်တော့ အကုန်သေနိုင်တာပေါ့" ဟု Monywa Nightking အဖွဲ့က MFP သို့ ဆက်လက်ပြောဆိုသည်။
မုံရွာမြို့၌ စစ်ကောင်စီက ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသလို ပြောက်ကျားတပ်ဖွဲ့များကလည်း စကစများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။
မြို့ခံများအနေဖြင့် ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အရေးကြီးကိစ္စမှ လွဲ၍ အပြင်ထွက် သွားလာခြင်းများ မပြုလုပ်ဘဲ နေအိမ်၌သာ နေထိုင်ကြပါရန် မုံရွာ မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေးထားသည်။
Mandalay Free Press - MFP
မုံရွာမြို့ပေါ် သွားလာနေသော စကစများ/ Photo – ပြန်/ဆက်
No comments:
Post a Comment