စစ်ကောင်စီဥက္ကဋ္ဌကို ဖမ်း၀ရမ်းထုတ်နိုင်ဖို့ အိုင်စီစီမှာ တိုင်ကြား


မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူအမြောက်အများအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇ၀တ်မှု Crimes Against Humanity ကျူးလွန်တယ်လို့ စွပ်စွဲပြီး အိုင်စီစီ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ဗြိတိန်အခြေစိုက် Myanmar Accountability Projectအဖွဲ့က သက်သေအထောက်အထားတွေ ပေးပို့လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ စနစ်တကျ နှိပ်စက်ညှဥ်းပန်းမှုပေါင်း များစွာကို ရောမ ဥပဒေစာချုပ် ပုဒ်မ ၁၅ အရ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ အိုင်စီစီကို တိုက်တွန်းထားတာပါ။

အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က ကျူးလွန်မှုတွေအတွက် စစ်ကောင်စီဥက္ကဋ္ဌမှာ တာ၀န်ရှိတယ်လို့လည်း MAP အဖွဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။

ပြစ်မှုစီရင်ဖို့အတွက် အလားအလာကောင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ခိုင်လုံတဲ့အချက်အလက်တွေ အများအပြားရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှဉ်းပန်းမှုပေါင်း များစွာ တွေ့ရှိရပြီး နိုင်ငံတ၀န်း မူဝါဒတွေရဲ့ အကျိုးဆက်ဖြစ်လာနေတယ်ဆိုတဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို အိုင်စီစီကို တိုင်တန်းထားတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ၇၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

BBC Burmese
စစ်ကောင်စီဥက္ကဋ္ဌကို ဖမ်း၀ရမ်းထုတ်နိုင်ဖို့ အိုင်စီစီမှာ တိုင်ကြား စစ်ကောင်စီဥက္ကဋ္ဌကို ဖမ်း၀ရမ်းထုတ်နိုင်ဖို့ အိုင်စီစီမှာ တိုင်ကြား Reviewed by THITHTOOLWIN on 07:35 Rating: 5

No comments:

Powered by Blogger.