ရေဦးနယ် ထန်းဘဲလှရွာအနီးတွင် အမျိုးသားတစ်ဦး အလောင်းတွေ့၊ စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ မီးရှို့နေ

ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ကားလမ်းဘေးတွင် ကိုဖြိုးကို၏ အလောင်းကို တွေ့ရစဉ်/ Photo – CJ

MFP ၊ ဒီဇင်ဘာ - ၂၈

စစ်ကိုင်းတိုင်း  ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ရေဦး-တမာတော ကားလမ်းဘေးတွင် ယနေ့ နေ့လည်ပိုင်းက  အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးနေသူသည် ရေဦးမြို့ အောင်ချမ်းသာရပ် (ကံတွင်းရပ်)နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ အသက်(၃၀)အရွယ် ကိုဖြိုးကို ဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

၄င်းသည် စပါးရိတ်စက်ပစ္စည်းများ လိုက်ပို့ပေးရာမှ ယမန်နေ့ ဒီဇင်ဘာ(၂၇)နေ့လည်ပိုင်း ကတည်းက အဆက်အသွယ် မရတော့ဘဲ ယနေ့ ကားလမ်းဘေး၌ အလောင်းတွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။ ကိုဖြိုးကို သေဆုံးရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ MFP အနေဖြင့် မသိရသေးပါ။

တချိန်တည်းမှာပင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များသည် ရေဦး အပါအဝင် ရွှေဘိုခရိုင်အတွင်းရှိ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည် စသည့်မြို့နယ်များရှိ ကျေးရွာများသို့ ဆက်လက် စီးနင်းဝင်ရောက်ကာ မွှေနှောက် သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

စကစများသည် ယမန်နေ့ ဒီဇင်ဘာ(၂၇)ရက်က ရေဦးမြို့နယ် ထန်းတောကျေးရွာသို့ စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ပြီးနောက် ထန်းတောရွာသား ဦးအောင်ငြိမ်း ဆိုသူကို ပစ်သတ်သွားကြောင်း၊ အခြားအမျိုးသား တစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်သွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များသည် အင်အား ရာဂဏန်းဖြင့် အထက်ပါမြို့နယ်များရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေကာ ယမန်နေ့က ရေဦးမြို့နယ် ခင်ပင်ရွာ၊ တန့်ဆည်မြို့နယ် ကဘဲရွာနှင့် ချောင်းရိုးကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက်ကာ လုယက်ဖျက်ဆီး သောင်းကျန်းသွားကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ် လိပ်ခြံရွာနှင့် မြောက်အင်းရွာ၊ ရေဦးမြို့နယ် ရေမျက်ရွာနှင့် ပေါက်တောရွာ၊ ဒီပဲယင်းမြို့နယ် ဆုံကုန်းရွာများသို့ အကြမ်းဖက် စကစများ စီးနင်းဝင်ရောက်ကာ လူသတ်၊ မီးရှို့၊ မွှေနှောက်ခိုးယူ လုယက်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။

Mandalay Free Press - MFP


ရေဦးနယ် ထန်းဘဲလှရွာအနီးတွင် အမျိုးသားတစ်ဦး အလောင်းတွေ့၊ စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ မီးရှို့နေ ရေဦးနယ် ထန်းဘဲလှရွာအနီးတွင် အမျိုးသားတစ်ဦး အလောင်းတွေ့၊ စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ မီးရှို့နေ Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.