အရာတော်ထွေအုပ်က ဘုန်းကြီးကျောင်းများကို ဆန်၊ ဆီ လိုက်လှူနေ
ဒီဇင်ဘာ(၂၀)ရက်နေ့က အရာတော် - မုံရွာလမ်းပေါ်တွင် မိုင်းရှာနေရင်း မိုင်းထိသွားပြီး သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦးကို အရာတော်သင်္ချိုင်းတွင် ကျင်း(၂)ကျင်းသာတူးပြီး လာရောက်မြှုပ်နှံသွားသည်ဟု မျက်မြင်တွေ့လိုက်ရသူများထံမှ အတည်ပြုသိရှိရသည်။
အရာတော် - မုံရွာလမ်းပေါ်တွင် ပဏာမမိုင်းဆွဲခံရပြီးနောက် ထပ်မံရောက်ရှိလာသော စစ်ကူများထဲမှ မိုင်းရှာဖွေနေသော စစ်သား(၆)ဦးကို အမိအရထိမှန်သွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများနှင့် အလောင်းများကို အရာတော်မြို့နယ် ဆေးရုံကြီးသို့ အရင်သယ်သွားပြီးနောက် သေဆုံးသူများကို လာရောက်သဂြိုလ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။
အာဏာရူးမင်းအောင်လှိုင်အတွက် အသက်စွန့်သွားသည့်အပြင် သေဆုံးရာတွင်လည်း ဂုဏ်သိက္ခာရှိစွာ သဂြိုလ်မြှုပ်နှံခြင်းမခံရဘဲ တိတ်တဆိတ် (၃)ယောက်(၁)ကျင်း မြှုပ်ခံရသည့်အဖြစ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာလျှင် ကြုံတွေ့နိုင်မည်ဟု ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောသည်။
မနေ့ ဒီဇင်ဘာ(၂၃)ရက်နေ့မှစ၍ အရာတော်မြို့နယ် ထွေအုပ်ရုံးက အရာတော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများကို ပတ်၍ ဆန်၊ ဆီ၊ ဆား အသုံးအဆောင်ပစ္စည်းများ လိုက်လံလှူဒါန်းနေသည်ဟု သိရသည်။
ပြည်သူတစ်ဦးကမူ "ခိုးလာတာတွေ နေမှာပေါ့"ဟု တွေးတွေးဆဆ မှတ်ချက်ပေးသည်။
ပြိုလဲနေသော စစ်အုပ်ချုပ်ရေးယန္တရားကို ဘာသာရေးအသုံးချပြီး အသက်သွင်းရန် ကြိုးပမ်းနေခြင်းဖြစ်၍ ပြည်သူများ သတိပြုကြရန်ကိုလည်း ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများက အသိပေးထားသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment