တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာသို့ ယနေ့ ဒီဇင်ဘာ(၂၆)ရက်တွင် စကစ အကြမ်းဖက်သမားများ ဝင်မွှေကာ ကျေးရွာအတွင်း မီးရှို့နေစဉ်/ Photo - ပေးပို့ |
MFP ၊ ဒီဇင်ဘာ - ၂၆
စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ယနေ့ ဒီဇင်ဘာ၉၂၆)ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက MFP သို့ ပြောသည်။
"အိမ်တွေလား ဘာတွေလား သေချာတော့ မသိရဘူး။ မီးရှို့နေတာတော့ ဟုတ်တယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယနေ့ ဒီဇင်ဘာ(၂၆)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများ မြောက်အင်းကျေးရွာအတွင်း စီးနင်းဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသေးသော်လည်း အိမ်ခြေ ငါးအိမ်ခန့် မီးရှို့ခံ ရပြီးဖြစ်မည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် ယခင်နေ့က ရေဦးမြို့နယ်အတွင်း ပေါက်တောရွာကို စီးနင်းဝင်ရောက် မွှေနှောက်ခိုးယူခြင်းများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ယနေ့ ဒီဇင်ဘာ(၂၆)ရက်တွင် ရွာမိဿာရွာသို့ ဆက်လက်စီးနင်းဝင်ရောက် မွှေနှောက်နေသည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ ရေဦး)က ဆိုသည်။
“ရွာမိဿရေ ဂရုစိုက်ပါ။ အနီးအနားကပြည်သူများ ကူညီပေးပါ စောင့်ရှောက်ပေးပါ။ စစ်ခွေးများ ဝင်ရောက်နေပါပြီ” ဟု ပ.က.ဖ ရေဦးက သတိပေးထားသည်။
စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ယမန်နေ့ကတည်းက ရွာမိဿာ၊ အောင်သာ နှင့် မုတ်စီရွာဘက် ဦးတည်နေ၍ အဆိုပါ ကျေးရွာများမှ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး ယနေ့ ရွာမိဿာရွာသို့ ဝင်မွှေနေခြင်း ဖြစ်ကြောင်း၊ ရွာတွင်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးဟု ဆိုသည်။
စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းစသည့် မြို့နယ်များရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ ပစ္စည်းလု၊ ခိုးဝှက်လုယက်၊ အနိုင်ကျင့်သောင်းကြမ်းခြင်းများ ထင်တိုင်းကျဲ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တန့်ဆည်မြိုကနယ် လိပ်ခြံရွာ၊ ရေဦးမြို့နယ် ရေမျက်ရွာနှင့် ပေါက်တောရွာများအတွင်း လူသတ်၊ မီးရှို့၊ မွှေနှောက်ခိုးယူလုယက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
လက်ရှိတွင် တန့်ဆည်မြို့နယ် တစ်ခုတည်း၌ပင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမား (၃၀၀)ကျော် ရှိနေပြီး ဒေသတွင်း ထင်တိုင်းကျဲ လုယက်သောင်းကြမ်း သတ်ဖြတ်နေသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကိုင်များကို ရဟတ်ယာဉ်များဖြင့် အရွှေ့အပြောင်းလုပ်ကာ ဒေသတွင်း ထင်တိုင်းကျဲ လုယက်၊ သတ်တြ်၊ မွှေနှောက် ခိုးယူနေခြင်း ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment