မန္တလေး၌ သပိတ်စုရပ်သို့ လာချိန် စစ်ကားဖြင့် တိုက်ဖမ်းခံရသော မခိုင်ဇင်ဖူးထံမှ ရာချီသော လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိဟု စစ်အုပ်စု ထုတ်ပြန်
ပုံစာ - မခိုင်ဇင်ဖူး နေထိုင်သော အိမ်မှ ဖမ်းမိသည်ဆိုသော ဖောက်ခွဲရေးပစ္စည်းများ |
MFP ၊ ဒီဇင်ဘာ - ၁၁
မန္တလေးမြို့၌ ဒီဇင်ဘာ(၈)ရက်က အရုဏ်ဦးသပိတ်ပြုလုပ်ရန် စုရပ်နေရာသို့ လာရောက်ချိန် စစ်ကားဖြင့် တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခံရသော မခိုင်ဇင်ဖူးထံမှ လက်လုပ်မိုင်း အလုံးရေ (၁၀၀)နှင့်အတူ ဖောက်ခွဲရေးပစ္စည်းများပါ ဖမ်းမိခဲ့သည်ဟု အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲသတင်းထုတ်ပြန်သည်။
အသက်(၂၀)အရွယ် မခိုင်ဇင်ဖူးကို စစ်အုပ်စုက စစ်ကားဖြင့် တိုက်ကာ အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် ၄င်းနေထိုင်ရာ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၆ဝနှင့် လမ်း၃ဝအနီး ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်မှ Silence Strike Campaign ပြုလုပ်ရန် လှုံဆော်ရေးသားထားသည့် လက်ကမ်း စာစောင်များနှင့် ပိတ်စ တစ်ခု၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၀ လုံး၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ ၃၀ ခု၊ ကျည်ကာအင်္ကျီ သုံးထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ တစ်ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်ဟု စစ်ကောင်စီ၏ ၀ါဒဖြန့် မီဒီယာများက ဖော်ပြသည်။
မခိုင်ဇင်ဖူးသည် ဒီဇင်ဘာ(၈)ရက်က စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီ ရရှိရေး အရုဏ်ဦးသပိတ်အဖြစ် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြရန် သပိတ်စုရပ်သို့ လာရောက်ချိန် စစ်ကောင်စီ လက်နက်ကိုင်များက စစ်ကားဖြင့် တိုက်ကာ အကြမ်းဖက် ဖမ်းဆီးသဖြင့် ခြေထောက်တွင် ဒဏ်ရာရကာ ဖမ်းဆီးခံလိုက်ရသည်ဟု နီးစပ်သူများက ပြောသည်။
ထို့နောက် သပိတ်တွင် ပါဝင်သော လူငယ်များ စုပေါင်းနေထိုင်ရာ နေအိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ရှာဖွေပြီးနောက် နောက်နေ့တွင် အထက်ပါအတိုင်း လက်လုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိသည်ဟု ထုတ်ပြန်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက မခိုင်ဇင်ဖူးအား မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးသလို မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရသေးဟု နီးစပ်သူများက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ တောင်းဆိုသူများကို စစ်ကားဖြင့် တိုက်ဖမ်းခြင်း အပါအဝင် နည်းမျိုးစုံသုံးကာ အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။
Mandalay Free Press - MFP
No comments:
Post a Comment