ဓာတ်ပုံ - မြိတ်မြို့တွင်းတစ်နေရာ။ |
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၂
မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်တွေကို တားပြီး အကြောင်းပြချက်မျိုးစုံနဲ့ အတင်းအဓမ္မ ငွေတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့၊ရေနံမြေရပ်ကွက် စာသင်ကျောင်းရှေ့မှာ တာဝန်ကျနေတဲ့ စစ်သား ၅ ဦးနဲ့အတူ အိုးလုပ်ပြင်ရပ်ကွက် နေ မီးသတ်တွေနဲ့ ပေါင်းပြီး ဆိုင်ကယ် စီးလာသူတွေ၊ တက္ကစီမောင်းသူတွေကို တားဆီးပြီး တစ်စီးကို ငွေကျပ် တစ်သောင်းခွဲမှ နှစ်သောင်းအထိ နေ့စဉ်တောင်းနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင်၊ ဦးထုပ်၊ နောက်ကြည့်မှန် စတဲ့ လိုအပ်ချက်တွေကို တစ်မျိုးမဟုတ် တစ်မျိုး အကြောင်းပြပြီး ငွေတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပါတယ်။
"အားလုံးစုံနေရင်တောင် မရရအောင်တောင်းတယ်" လို့ ပိုက်ဆံပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။
အဲဒီငွေတောင်းတဲ့နေရာဟာ တောလှေဆိပ်နှင့်ငါးဖမ်းလှေ အများစုဆိုက်ကပ်တဲ့ လှေဆိပ်အများစုရှိတဲ့ နေရာလည်းဖြစ်လို့ နေ့စဉ် ဆိုင်ကယ်အစီးရေ ဆယ်ချီပြီး ဖမ်းဆီးခံနေရကြောင်းလည်း မျက်မြင်တွေက ဆိုပါတယ်။
"တစ်ခုမဟုတ် တစ်ခုစစ်ပြီး အမျိုးမျိုးပြဿနာရှာ ငွေတောင်းကြတယ်။ သူတို့လက်က လွတ်တဲ့လူမရှိသလောက်ပဲ" လို့ ဒေသခံတက္ကစီ မောင်းသူတစ်ဦးကပြောပါတယ်။
အရင်ကဖမ်းဆီးတောင်းခံမှုတွေ မရှိခဲ့ပေမဲ့လည်း ခုလို ပြဿနာမျိုးစုံရှာပြီး ငွေတောင်းနေတာ တပတ်လောက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။
The Tanintharyi Times
No comments:
Post a Comment