မန္တလေး ကျုံးဘေးတွင် ဆိုင်ကယ်စီး လူငယ်များကို တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်အုပ်စုက ပစ်သတ်


လေးဦး သေနတ်မှန်ပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးကာ ကျန်သုံးဦးလည်း အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊

MFP ၊ ဒီဇင်ဘာ - ၁၂

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးဘေး ၂၆လမ်းနှင့် ၇၈လမ်းဒေါင့်တွင် ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက် ညပိုင်းက လူငယ်များ စီးနင်းလာသော ဆိုင်ကယ်နှစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး သုံးဦး သေနတ်မှန် ဒဏ်ရာရကြောင်း မြို့ခံများနှင့် စစ်ကောင်စီ အုပ်ချုပ်ရေး အသိုင်းအဝိုင်းက MFP သို့ ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက် ည(၁၀)နာရီကျော်အချိန်က အဆိုပါ ကျုံးထောင့်တွင် ဆိုင်ကယ်နှစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက်(၂၀)ကျော်အရွယ် လူငယ်လေးဦး သေနတ်ထိမှန်ခဲ့ပြီး တစ်ဦးသည် ရင်ဘတ်နှင့် ခါးတွင် သေနတ်နှစ်ချက် ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သလို ကျန်သုံးဦးသည်လည်း ဝမ်းဗိုက်၊ နောက်ကျော စသည့် နေရာများတွင် သေနတ်မှန်ကာ နှစ်ဦးသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေမဖြစ်သည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက MFP သို့ ပြောသည်။

“ညတုန်းက ပစ်သံတွေ တောက်လျောက် ကြားရတယ်၊ ဆယ်နာရီခွဲလောက်တော့ ရှိပြီ၊ ၂၈ လမ်းနဲ့ ၇၃ လမ်းနားမှာ ဆိုင်ကယ်စီးလာသူတွေ ပစ်ခံရတယ်လို့ ကြားတယ်၊ တစ်ယောက် ဒဏ်ရာရတယ်တဲ့၊ လူမှုရေးအသင်းအချို့ကို အကူအညီတောင်းတာ ညဘက်ကြီးဆိုတော့ ကားမောင်းမယ့်သူ မရှိလို့ မလိုက်နိုင်ဘူး ကြားတယ်” ဟု မန္တလေးမြို့ လမ်း (၃၀) အနီးတွင် နေထိုင်သူတစ်ဦးက MFP သို့ ပြောသည်။

ညပိုင်းက ကျုံးဘေး ၂၆ လမ်းဘက်ဆီမှ ကားမောင်းပြေးသံများ၊ ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး ထွက်မကြည့်ဝံ့၍ အခြေအနေ မသိရကြောင်း၊ ယနေ့ မနက်ပိုင်းတွင်မူ ပုံမှန်အတိုင်း အသွားအလာ မပျက် ရှိနေကြကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင်များက ပစ်ခတ်သဖြင့် သေဆုံးသူနှင့် သေနတ်မှန်ဒဏ်ရာရသည့် လူငယ်များသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမာလာ အနောက်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ဘီယာဆိုင်မှ ပြန်လာသူများဖြစ်ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက MFP သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျကို MFP အနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါ။

မန္တလေးမြို့ပေါ် သွားလာသူများကို စစ်ကောင်စီလက်နက်ကိုင်များက နေ့၊ညအချိန်မရွေး တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။

Mandalay Free Press - MFP

ညက ပစ်ခတ်ခံရကာ သေဆုံးသူနှင့် မန္တလေးကျုံးဘေး စစ်ဆေးနေသည့် စကစများ/ Photo - ပေးပို့



မန္တလေး ကျုံးဘေးတွင် ဆိုင်ကယ်စီး လူငယ်များကို တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်အုပ်စုက ပစ်သတ် မန္တလေး ကျုံးဘေးတွင် ဆိုင်ကယ်စီး လူငယ်များကို တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်အုပ်စုက ပစ်သတ် Reviewed by THITHTOOLWIN on 10:46 Rating: 5

No comments:

Powered by Blogger.