စစ်ကိုင်းတိုင်း အရာတော်မြို့ အထက်တန်းကျောင်းရှေ့တွင် အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ မနက်ပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစများ အသေများနိုင်ကြောင်း Ayadaw Bone Naing PDF – A.B.N PDF က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၂၈)ရက် မနက်(၉)နာရီခွဲတွင် အရာတော်မြို့ အထက်တန်းကျောင်းရှေ့၌ အစောင့်ကျနေသည့် သေနတ်တကားကားဖြင့် ရှိနေသော စကစများကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကလေးငယ်တို့ကို မထိခိုက်မိ စေလိုသောကြောင့် မိုင်းနှစ်လုံးသာ ခွဲခဲ့ပါသည်။ စစ်ခွေး အသေအပျောက်နှင့် အထိအခိုက်များ ရှိသော်လည်း အတိကျ အတည်မပြု နိုင်ပေ” ဟု A.B.N PDF က ဆိုသည်။
ကျောင်းဝင်းအနီး တိုက်ခိုက်မှုသည် ကလေးငယ်များကို အန္တရာယ် ဖြစ်စေနိုင်သောကြောင့် မတိုက်ခိုက် လိုသော်လည်း စကစ လက်နက်ကိုင်များနှင့် စကစလက်အောက် ဆက်လက် တာဝန်ထမ်းဆောင်နေသူများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
“တကယ်တော့ မိမိတို့အဖွဲ့သည် အနာဂတ်ကြယ်ပွင့် လူငယ်များ ရှိသောနေရာများတွင် အန္တရာယ်ရှိသော လုပ်ငန်းများ မလုပ်လိုပါ။ သို့သော် Non CDM ဆရာမများနှင့် စခများကို သတိပေးလိုသော ရည်ရွယ်ချက်နှင့် မိမိတို့ တိုင်းပြည်ရှိ စစ်ဘေးရှောင် ကလေးငယ်တို့၏ ဘဝကို ကိုယ်ချင်းစာ စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ပါသည်” ဟု A.B.N PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုကို Ayadaw Bone Naing PDF - A.B.N PDF အဖွဲ့က ဦးဆောင်ကာ သပြေညို ပျောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Froce (AF2)၊ Knight of The Red Land (KORL)တပ်ဖွဲ့ ၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE)၊ Guerilla Commendo-Myinmu(PGC)၊ M.R.T.F တပ်ဖွဲ့၊ The Guys of Burma Revolution Force (GBRF) တော်လှန်ရေးညီနောင် (၈) ဖွဲ့ နှင့် ပတ္တမြားညီနောင် အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
Mandalay Free Press - MFP
No comments:
Post a Comment