စစ်ကောင်စီက တန့်ဆည် ကျေးရွာငါးရွာရှိ နေအိမ်(၁၀၀)ခန့်ကို မီးရှို့ဖျက်ဆီးပြီး လူ(၁၁)ဦးကို သတ်ဖြတ်

ယနေ့မနက်ပိုင်း တန့်ဆည် ပုတီးရွာအတွင်း စကစများ ဝင်မွှေသောင်းကျန်းနေ၊

MFP ၊ ဒီဇင်ဘာ - ၂၉

စစ်ကောင်စီ အာဏာသိမ်းချိန်မှ စတင်ကာ ယခု ဒီဇင်ဘာ(၂၆)ရက်အထိ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာမှ နေအိမ်(၉၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ရွာသူရွာသား (၁၁)ဦးကို သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တန့်ဆည် PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ နေအိမ်များသည် မီးရှို့ခံရသည့် အရေအတွက်သာ ဖြစ်ပြီး မွှေနှောက်လုယက် ဖျက်ဆီးခံရသည့် အရေအတွက် အပါဝင်သေးဟု ဆိုသည်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော တန့်ဆည်မြို့နယ်ရှိ နေအိမ်များသည် ကာပေါင်းကျရွာတွင် နေအိမ် (၆၁)လုံးနှင့် ဆိုင်ကယ်အစီး (၃၀)၊ ကျီကုန်းရွာတွင် နေအိမ် (၂၄)လုံး၊ ကျွန်းလယ်ရွာတွင် နေအိမ် လေးလုံး၊ ပုတီးရွာတွင် နေအိမ် တစ်လုံးနှင့် မြောက်အင်းရွာတွင် နေအိမ်လေးလုံး ဖြစ်ကြောင်း တန့်ဆည် PDF က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် ကာပေါင်းကျရွာမှ ဒေသခံပြည်သူ ကိုးဦးနှင့် ကျွန်းလယ်ရွာမှ ဒေသခံပြည်သူ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု တန့်ဆည် PDF က ဆိုသည်။

စစ်ကောင်စီသည် နေအိမ်များ မီးရှို့ဖျက်ဆီးသည့်အပြင် ကျီကုန်းရွာမှ စပါးတင်း(၂၀၀၀)ခန့်နှင့် မြောက်အင်းရွာမှ ပစ္စည်းတန်ဖိုး သိန်း (၂၀၀၀)ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု တန့်ဆည် PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ ရန်ကြောင့် အိုးအိမ်မဲ့ဖြစ်သွားသော ဒေသခံ မိသားစုများအတွက် ပြန်လည်ထူးထောင်ရေးများ လုပ်ဆောင်နိုင်ရန် အကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း တန့်ဆည် PDF က ဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လုယက်၊ ခိုးယူ၊ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်ဒေသတွင်း အင်အားရာချီ အသုံးပြုကာ ရွာစဉ်ပတ်မွှေသောင်းကျန်းနေသော စကစများသည် ဒီဇင်ဘာ(၂၈)ရက်တွင် ပုတီးရွာသို့ စီးနင်းဝင်ရောက် မွှေနှောက်ကာ အဆိုပါ ရွာအတွင်း တပ်စွဲထားပြီး ယနေ့ မနက်ပိုင်းတွင် ကျေးရွာအတွင်း ထပ်မံမွှေနှောက် ရှာဖွေခြင်း၊ လယ်တောများထဲထိ သွားရောက်၍ သေနတ်ဖောက် ခြောက်လှန့်ကာ တောနင်းရှာဖွေခြင်းများ လုပ်ဆောင်နေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။ 

"လယ်တောများထဲ လှည့်ကင်းစခများက လိုက်လံပတ်ခတ် ခြောက်လန့်နေပါတယ်။ တောင်ပေါ်ကျောင်းနှင့် ရွာဦးကျောင်းရှိ ရွာလူများ၏ ဖုန်းများ သိမ်းဆည်းထားပါတယ်။ ဆက်သွယ်ရေး လိုင်းများပါ ဖြတ်တောက်ထားပြီး ဆက်သွယ်၍ ယနေ့မနက်အထိ မရသေးပါ" ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

စကစများသည် တန့်ဆည်မြို့နယ်အပြင် ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူ စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာများသို့လည်း စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းပြီး လူသတ်ခြင်း၊ မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးကာ တန်ဘိုးကြီးပစ္စည်းများ ခိုးယူလုယက်ခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

Mandalay Free Press - MFP

တန့်ဆည်နယ်အတွင်း စကစများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အရေအတွက်နှင့် ပုတီးရွာအတွင်း မွှေနှောက် ဖျက်ဆီးထားစဉ်/ Photo - တန့်ဆည် PDF, CJ

စစ်ကောင်စီက တန့်ဆည် ကျေးရွာငါးရွာရှိ နေအိမ်(၁၀၀)ခန့်ကို မီးရှို့ဖျက်ဆီးပြီး လူ(၁၁)ဦးကို သတ်ဖြတ် စစ်ကောင်စီက တန့်ဆည် ကျေးရွာငါးရွာရှိ နေအိမ်(၁၀၀)ခန့်ကို မီးရှို့ဖျက်ဆီးပြီး လူ(၁၁)ဦးကို သတ်ဖြတ် Reviewed by THITHTOOLWIN on 16:15 Rating: 5

No comments:

Powered by Blogger.