ထားဝယ်၊ ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်က ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ မိခင်ဖြစ်သူကို စစ်ကောင်စီရဲ့ ထားဝယ်အကျဉ်းထောင်တရားရုံးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ညမှာ ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ မသီရိမိုးရဲ့ အသက် ၄၆ နှစ်အရွယ်ရှိ အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ညီမဖြစ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ မသီရိမိုးကို ဖမ်းလို့မမိတာကြောင့် အမေဖြစ်သူနဲ့ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဖမ်းဆီးသွားပြီးတစ်ပတ်အကြာမှာ မသီရိမိုးရဲ့ ညီမဖြစ်သူကို အသက်မပြည့်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီဘက်က ၅၀၅(က) ဖြင့် တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။
"ခုလို ကျွန်မကို မမိလို့ အမေ့ကို ဖမ်းဆီး ထောင်ချတာဟာ သတ္တိမရှိတဲ့ကောင်တွေ အသုံးမကျတဲ့ကောင်တွေလို့ဘဲမြင်တယ်။ ဖမ်းချင်ရင် ညီမကို မိအောင်ဖမ်းလေ။ မဆိုင်တဲ့ မိဘတွေကို ဖမ်းဆီး ညီမလာ အဖမ်းခံရင် ပြန်လွှတ်ပေးမယ်ဆိုကတည်းက အဲဒီကောင်တွေ အဖြစ်မရှိတာ အသိသာကြီးပါ။ ညီမအမေက ခု ကျန်းမာရေးကောင်းပါတယ်''လို့ မသီရိမိုးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဖြစ်သူ မသီရိမိုးကို စစ်ကောင်စီက ၅၀၅ (က) ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း သိရပါတယ်။
သတင်း - သံလွင်တိုင်းမ် / Than Lwin Times
No comments:
Post a Comment