ဖနွမ်းပင်မြို့မှာ မီဒီယာတွေကို ရှင်းလင်းပြောကြားနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet. (ဒီဇင်ဘာ ၁၀၊ ၂၀၂၁) |
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုး မလုပ်ဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတဦးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကို ခေတ္တရောက်ရှိသွားချိန်အတွင်း သောကြာနေ့က အဲဒီလို တိုက်တွန်းခဲ့တာပါ။
ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးမဆို စစ်ကောင်စီကို လိုက်လျောရုံလောက်မဟုတ်ဘဲ တကယ်တမ်း ရလဒ်ထွက်လာဖို့ မျှော်လင့်တယ်လို့ အကြံပေးပုဂ္ဂိုလ် Chollet က ပြောပါတယ်။
အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားသင့်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မကြာခင် ရက်ပိုင်းတွေအတွင်း ပြောခဲ့ပြီးတဲ့နောက် Derek Chollet က အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။
မစ္စတာ Chollet ကတော့ အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီ တာဝန်ရှိသူတွေကို ဆက်ပြီး ဖယ်ရှားထားဖို့ ကမ္ဘောဒီးယားကို တောင်းဆိုတာ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်အတိုင်း ကိုင်စွဲလုပ်ဆောင်ဖို့တော့ တိုက်တွန်းခဲ့ပါတယ်။
"ထိတွေ့ဆက်ဆံတာကို အမေရိကန်က မဆန့်ကျင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်တို့သံရုံး ရှိနေဆဲပါ။ ဒါပေမယ့်လည်း ထိတွေ့ဆက်ဆံမှုဟာ ရည်ရွယ်ချက်ရှိဖို့လိုပြီး တန်ဖိုးမဲ့ မဖြစ်ရဘူးဆိုတာ ကျနော်တို့ဘက်မှာ သိပ်ရှင်းလင်းပါတယ်။ လက်တွေ့မှာ စစ်မှန်တဲ့ တိုးတက်မှုရဖို့ ကျနော်တို့ မြင်တွေ့ချင်ပါတယ်" လို့ မစ္စတာ Chollet က ပြောပါတယ်။
စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က ကမ္ဘောဒီးယားကိုသွားပြီး ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို သွားမယ်လို့ ပြောထားပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ တခုတည်းသော နည်းလမ်းဟာ သက်ဆိုင်သူတွေအကြား ဆွေးနွေးညှိနှိုင်းရေးနဲ့ ရင်ကြားစေ့ရေးကတဆင့်သာ ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက သူတို့ဖေ့စ်ဘုတ်မှာ ဒီကနေ့ ရေးထားပါတယ်။
အဲဒီ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို တနည်းနည်းနဲ့ စတင်ဆောင်ရွက်ရမှာဖြစ်ပြီး ကမ္ဘောဒီးယား အနေနဲ့တော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဘက်မလိုက်ဖို့နဲ့ ဝင်မစွက်ဖို့ မူဝါဒကို အပြည့်အဝ လိုက်နာကျင့်သုံးတယ်လို့ ရေးထားပါတယ်။
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ရစေဖို့အတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်း၊ အခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါကြောင်း ကမ္ဘောဒီးယားသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာစစ်ကောင်စီကို အလျှော့မပေးဖို့ ကမ္ဘောဒီးယားကို ကန်တိုက်တွန်း
Reviewed by THITHTOOLWIN
on
20:24
Rating:
No comments:
Post a Comment