အောက်ရေဖြူမှာ အမျိုးသမီးတွေ ကာယအိန္ဒြေပျက်ပြားအောင် စစ်ကောင်စီတပ်က ကျူးလွန်နေ


မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းဝင်စစ်တယ်ဆိုပြီး အကြောင်းပြကာ ဒေသခံ မိန်းကလေးတွေအပေါ် ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်ရေဖြူကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာနဲ့ ညပိုင်းတွေမှာ အချိန်အခါမဟုတ် ဧည့်စာရင်း ဝင်စစ်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့လိုဧည့်စာရင်း ဝင်စစ်ရာမှာလည်း အမျိုးသမီးတွေကို ခြိမ်းခြောက်တာ၊ ကာယအိန္ဒြေပျက်ပြားအောင် ပြောဆိုတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျုးလွန်စော်ကားတာတွေ ရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အချို့အမျိုးသမီးတွေဆိုရင်လည်း အပျိုလား အအိုလားမေးတယ်။ အဝတ်ထုပ် ထုတ်ပြီးရင် သူတို့နဲ့လိုက်ခဲ့ အဲဒါဆို သူတို့ဆီက ဆိုင်ကယ်တွေ မသိမ်းဘူးလို့ပြောတာတွေရှိတယ်။ ပြီးတော့ နားထင်ကို သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တာတွေရှိတယ်။ အမျိုးသမီးငယ်တစ်ဦးဆို ဖုန်းထဲမှာ နိုင်ငံရေး ပို့စ်တွေ့တယ်ဆိုပြီးတော့ ဆံပင်ကို ကပ်ကြေးနဲ့ညှပ်ပစ်ခဲ့တာထိ လုပ်ခဲ့တယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ အိမ်တွေကို ဝင်ချင်တိုင်းဝင် လုပ်ချင်သလိုလုပ်နေတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧည့်စာရင်းဝင်စစ်ရာမှာလည်း သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာတွေ ၊ ဒေသခံ နေအိမ်တွေကို ကန်ဖြိုတာတွေနဲ့ အော်ဟစ်ဆဲဆိုတာတွေကို လုပ်ဆောင်နေသလို လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်က သိမ်းဆည်းသွားတဲ့ ဆိုင်ကယ်တွေကို တစ်စီးကို အနည်းဆုံး ကျပ် ၁ သိန်းကနေ ၅ သိန်းလောက်ထိ ပေးပြီး ပြန်ရွေးနေရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်ရေဖြူကျေးရွာအုပ်စုက အသက်မပြည့်သေးတဲ့ အမျိုးသမီး၈ ဦး အပါအဝင် ဒေသခံ ၅၀ ထက်မနည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

အောက်ရေဖြူမှာ အမျိုးသမီးတွေ ကာယအိန္ဒြေပျက်ပြားအောင် စစ်ကောင်စီတပ်က ကျူးလွန်နေ အောက်ရေဖြူမှာ အမျိုးသမီးတွေ ကာယအိန္ဒြေပျက်ပြားအောင် စစ်ကောင်စီတပ်က ကျူးလွန်နေ Reviewed by THITHTOOLWIN on 18:02 Rating: 5

No comments:

Powered by Blogger.