အသင်းတော်ကိစ္စနဲ့ ဆောကိုသွားသူ၄ယောက် အနက် ၂ယောက် အဖမ်းခံရပြီး တယောက် စစ်ကြောရေးလက်ချက်နဲ့ ဆုံး
မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကတောင်ကျေးရွာ အရှို နှစ်ချင်း ခရစ်ယာန် အသင်းတော်က ဓမ္မဆရာ အဖြစ် သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆလိုင်းငွေကြာ အဖမ်းခံခဲ့ရပြီး ၃ရက်အကြာမှာ မကွေး ကပစ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ မကွေးလူထု တိုက်ပွဲကော်မတီထံက သိရပါတယ်။
ဒီဇင်ဘာ ၆ရက်နေ့ မနက်မှာ စေတုတ္တရာ ကနေ ဆောမြို့ကို အသင်းတော် ကိစ္စနဲ့ ခရီးသွားစဥ် အဖမ်းခံရတာ ဖြစ်ကြောင်း ၊ ဒီဇင်ဘာ ၇ ရက်မှာတော့ မိသားစုက ထမင်းသွားပို့တဲ့အခါ သူ့ခန္ဓာကိုယ်မှာ အ၀တ်အစားပင် မရှိတော့ဘဲ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့ခဲ့ရကြောင်း ၊ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ သူ့ကို စစ်ကောင်စီတပ်တွေဘက်က စေတုတ္တရာ ဆေးရုံပို့ပြီး ကုသရာမှာ ပစ္စည်းကိရိယာ ဆေးဝါး အလုံအလောက် မရှိတဲ့ အတွက် မကွေးဆေးရုံပို့စဥ် ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း လမ်းမှာ ဆုံးပါးသွားတယ်လို့ မိသားစု၀င်တွေဆီက သိရတယ်လို့ မကွေး လူထု တိုက်ပွဲကော်မတီက တာ၀န် ရှိသူ တယောက်က ပြောပါတယ်။
ဖမ်းဆီးခံထားရစဥ်အတွင်း သေဆုံးခဲ့တဲ့ အသက် ၂၆ နှစ် ဓမ္မဆရာ ဆလိုင်းငွေကြာကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
သူဟာ ပြည်မြို့ အရှိုနှစ်ချင်း ခရစ်ယာန် ကျမ်းစာသင်ကျောင်းမှာ ဓမ္မပညာ သင်ကြားနေသူဖြစ်ပြီး လက်ရှိတော့ စေတုတ္တရာ မြို့မှာရှိတဲ့ သက္ကကယ်တောင် အသင်းတော် ဓမ္မဆရာ အဖြစ် သာသနာ့ တာ၀န် ထမ်းဆောင်နေသူ ဖြစ်သလို ရပ်ရွာ ဖွံ့ဖြိုးရေး ၊ လူမှုကူညီရေး ကိစ္စတွေမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါ၀င်လေ့ရှိသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ မိသားစုက အလောင်းပြန်မမြင်တွေ့ရသေးပါဘူး။
ဒီသတင်းနဲ့ ပတ်သက်လို့ အရှိုနှစ်ချင်း ခရစ်ယာန်အသင်းတော် ဘက်က တစုံတရာ တုံ့ပြန် ပြောကြားတာမျိုး မရှိသေးသလို စစ်ကောင်စီဘက်ကလည်း အတည်ပြု ပြောကြားချက်တွေ ထွက်မလာသေးပါဘူး။
အသင်းတော်ကိစ္စနဲ့ ဆောမြို့ကို ထွက်ခွာသွားသူ ၄ ဦးအနက် ဆလိုင်းငွေကြာ အပါအ၀င် ၂ယောက် အဖမ်းခံခဲ့ရပြီး ကျန်၂ယောက်နဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ မကွေး လူထု တိုက်ပွဲကော်မတီက တာ၀န်ရှိသူက ပြောပါတယ်။
BBC Burmese
အသင်းတော်ကိစ္စနဲ့ ခရီးထွက်သွားတဲ့ မကွေးက ဓမ္မဆရာ စစ်ကြောရေးမှာ သေဆုံး
Reviewed by THITHTOOLWIN
on
20:28
Rating:
No comments:
Post a Comment