မြန်မာမှာ အခွင့်အရေးချိုးဖောက်မှုတွေ မထင်ထားတဲ့နှုန်းနဲ့မြင့်တက်နေတယ်လို့ ကုလပြော

ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့ မြန်မာပြည်သူတွေက တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲတဲ့ ရဲစွမ်းသတ္တိကိုလည်း ကုလ ချီးကျူ

မြန်မာပြည်တွင်းက အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ မထင်မှတ်ထားလောက်တဲ့နှုန်းနဲ့မြင့်တက်နေတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)က ပြောလာပါတယ်။

''ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်းမှာတင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကလေး ၅ ဦးအပါအဝင် လူ ၁၁ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့တာ၊ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးကို ကျင့်သုံးနေတဲ့ ဆန္ဒပြသူတွေကို ကားနဲ့ဝင်တိုက်တာတွေ လုပ်ခဲ့တယ်'' လို့ OHCHR ရုံးပြောခွင့်ရသူက ဂျီနီဗာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလာတာပါ။

ဒါ့အပြင် လူ့ရှင်သန်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံရေးတို့အပြင် ညှင်းပန်းနှိပ်စက်မခံရခွင့်၊ မျှတတဲ့တရားစီရင်ကြားနာမှုနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပိုင်းတွေမှာလည်း နေ့စဉ် ကြီးမားတဲ့ချိုးဖောက်မှုတွေရှိနေတဲ့သတင်းတွေ ပေါ်ထွက်လာနေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တပ်ဖွဲ့တွေဟာ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအောက်က တာဝန်တွေကို လေးစားလိုက်နာဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ ပြောခွင့်ရသူကပြောပါတယ်။

ဒီ့နောက်ဆက်တွဲအနေနဲ့ လူပေါင်း ၁၃၀၀ ရာကျော် အသက်ဆုံးပါးခဲ့ရပြီး နောက်ထပ် လူ ၁ သောင်း ၆ ရာကျော်လည်း ထိန်းသိမ်းခံထားရတယ်လို့ သူက ဆိုပါတယ်။

ဒီလိုဆိုးရွားတဲ့ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင်နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် နိုင်ငံတကာအနေနဲ့ ခိုင်မာစည်းလုံးတဲ့ တုံ့ပြန်မှုရှိဖို့ လိုတာပြီဆိုတာကို ပြသနေတယ်လို့ သူက ထောက်ပြပြောဆိုထားပါတယ်။

BBC Burmese
မြန်မာမှာ အခွင့်အရေးချိုးဖောက်မှုတွေ မထင်ထားတဲ့နှုန်းနဲ့မြင့်တက်နေတယ်လို့ ကုလပြော မြန်မာမှာ အခွင့်အရေးချိုးဖောက်မှုတွေ မထင်ထားတဲ့နှုန်းနဲ့မြင့်တက်နေတယ်လို့ ကုလပြော Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.