ရဲစခန်း အပါအဝင် မုံရွာမြို့ပေါ်(၁၂)နေရာ ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ထုတ်ပြန်

MFP ၊ ဒီဇင်ဘာ - ၃၀

မုံရွာမြို့ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်း အပါအဝင် ညပိုင်းက မုံရွာမြို့ပေါ် အနည်းဆုံး (၁၂)နေရာတွင်  မြို့ပြပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မုံရွာမြို့ တိုင်းစည်ပင်ရုံးအနီး၊ ခလရ(၁၆)နောက်ကျော၊ ကန်သာယာတံတား ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း မီးပွိုင့်စသည့် နေရာ (၁၂)နေရာထက် မနည်းတွင် စလစ်များ၊ လက်ပစ်ဗုံးများ၊ ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကို Monywa Nightking အဖွဲ့နှင့်အတူ Law Ka Nat အဖွဲ့နှင့် Monywa Ninja အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အထိအခိုက် အခြေအနေများကိုမူ ဖော်ပြထားခြင်း မရှိပါ။

မုံရွာမြို့  ရန်ကင်းရပ်ကွက်၌ ယမန်နေ့ ဒီဇင်ဘာ(၂၉)ရက် ညပိုင်းက ည(၁၀)နာရီကျော်အထိ ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ၊ ကြားနေရသည်ဟု မြို့ခံများက ပြောသည်။

မုံရွာမြို့ခံများ အနေဖြင့် ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အရေးကြီးကိစ္စမှ လွဲ၍ အပြင်ထွက် သွားလာခြင်းများ မပြုလုပ်ဘဲ နေအိမ်၌သာ နေထိုင်ကြပါရန် မုံရွာ မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေးထားသည်။

ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲပိုင်းကလည်း မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စုဝေးနေသော စကစ လက်နက်ကိုင် (၂၀)ခန့်ကို လက်လုပ်ဗုံး သုံးလုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

မုံရွာမြို့၌ စစ်ကောင်စီက ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသလို ပြောက်ကျားတပ်ဖွဲ့များကလည်း စကစများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

Mandalay Free Press - MFP

ရဲစခန်း အပါအဝင် မုံရွာမြို့ပေါ်(၁၂)နေရာ ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ထုတ်ပြန် ရဲစခန်း အပါအဝင် မုံရွာမြို့ပေါ်(၁၂)နေရာ ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ထုတ်ပြန် Reviewed by THITHTOOLWIN on 05:59 Rating: 5

No comments:

Powered by Blogger.