လေးကေကော်ဒေသအတွင်း တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းဘက်တိမ်းရှောင်လာကြသည့် ဖလူးနှင့်မင်းလက်ပံမှဒေသခံများကို ထိုင်းဘက်ကဝင်ခွင့်ပြု
ညကာလအချိန်တွင် ထိုင်းဘက်ဝင်ရောက်ကြမည့် မြန်မာစစ်ဘေးရှောင်များကို ဒီဇင်ဘာ - ၂၃နေ့ ယနေ့ည သန်းခေါင်ယံမတိုင်မီအချိန်တွင် ထိုင်းနယ်ခြားစောင့်တပ်က ဝင်ရောက်ခိုလှုံခွင့်ပေးလိုက်ခြင်းဖြစ်သည်။
ထိုင်းနယ်ခြားစောင့်တပ်များက မြန်မာစစ်ဘေးရှောင်များကို အစပိုင်းတွင် ဝင်ခွင့်မပြုဘဲ ဟန့်တားထားရာမှ အထက်အမိန့်အရ ယနေ့ညသန်းခေါင်ယံ မတိုင်မီအချိန်တွင် ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
မြန်မာဘက်ခြမ်းမှ ဝင်ရောက်လာကြသည့် မြဝတီမြို့နယ်အတွင်းမှ မြန်မာစစ်ဘေးရှောင်များကို ထိုင်းနယ်ခြားစောင့်တပ်က နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်းအနီးတွင် မော်တော်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်ပြီးနောက် ယာယီစစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။
ပုံစာ - ယနေ့ည သန်းခေါင်ယံအချိန်မတိုင်မီ ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များ။ |
ထိုင်းအာဏာပိုင်များသည် ယခုလ (၂၅) ရက်နေ့မှစတင်ကာ မြန်မာစစ်ဘေးရှောင်များကို မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်း တခုတည်းတွင်သာ ထားရှိတော့မည်ဖြစ်သည်။
မြဝတီမြို့တောင်ဘက်အရပ်ရှိ လေးကေကော်ဒေသအတွင်း ယနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီ ၁၅ မီနစ်တွင် မြန်မာလေတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများဘေးလွတ်ရာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောက်ကြခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသများတွင် ယခုနှစ်အတွင်း ဖာပွန်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) တို့၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်များတိုက်ပွဲတွင် မြန်မာလေတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှ တနှစ်အတွင်း (၂) ကြိမ် ရှိသွားပြီးဖြစ်သည်။
ထိုင်းနယ်ခြားစောင့်တပ်များသည် မြန်မာဘက်ခြမ်း လေးကေကော်ဒေသတိုက်ပွဲစဖြစ်သည့် ယခုလ (၁၅) ရက်နေ့မှစတင်ကာ နယ်စပ်လုံခြုံရေးကို တပ်လှန့်ထားပြီး ဝင်ရောက်လာမည့် မြန်မာစစ်ဘေးရှောင်များကိုလည်း လက်ခံထားရှိပေးရန် ထိုင်းအစိုးရက ခွင့်ပြုချက်ပေးထားပြီး ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
No comments:
Post a Comment