မန္တလေးတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနေသူ စကစ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရ၊ သေ၊မသေ မသိရသေး

MFP ၊ ဒီဇင်ဘာ - ၁၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံဥယျာဉ်အနီး ၆၂ လမ်းပေါ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကား သွားလာနေသော ဗိုလ်ကြီးအဆင့် စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး ဒီဇင်ဘာ(၁၁)ရက် ညနေပိုင်းက သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂လမ်းနှင့် ၃၈ လမ်းဒေါင့်တွင် ဒီဇင်ဘာ(၁၁)ရက် ညနေ(၄)နာရီကျော်အချိန်က ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရပြီး ကျော၊ ခါးနှင့် ပေါင်စသည့်နေရာများတွင် သေနတ်ထိမှန်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု နီးစပ်သူအချို့က MFP သို့ ပြောသည်။

အဆိုပါ ဗိုလ်ကြီးအဆင့် စစ်ကောင်စီ လက်နက်ကိုင်သည် မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး Wave Money ငွေထုတ်ရန်အတွက် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ အိမ်မှ ထွက်လာချိန် အထက်ပါ အတိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးကုသမှု ခံယူနေကြောင်း နီးစပ်သူအချို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု-ရဲချုပ် အောင်နိုင်သူ၏ နေအိမ် ဗုံးပစ်ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသလို ချမ်းမြသာစည်မြို့နယ်နေ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး၏ နေအိမ်လည်း လွန်ခဲ့သည့် ရက်ပိုင်းက ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။

စစ်ကောင်စီက မန္တလေးတွင် ဖမ်းဆီးမှုများ၊ စစ်ဆေးမှုများ၊ စီးနင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း စစ်အုပ်စုနှင့် ဆက်စပ်သူများ တိုက်ခိုက်ခံရမှု လျှော့ကျသွားခြင်း မရှိဘဲ စစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

Mandalay Free Press - MFP

မန္တလေးတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနေသူ စကစ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရ၊ သေ၊မသေ မသိရသေး မန္တလေးတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနေသူ စကစ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရ၊ သေ၊မသေ မသိရသေး Reviewed by THITHTOOLWIN on 10:45 Rating: 5

No comments:

Powered by Blogger.