စစ်ကောင်စီတပ် ရေမြက်ရွာသို့ဝင်ရောက်ဖျက်ဆီးစဥ် ထွက်ပြေးခဲ့သော အသက်(၁၀၀)အရွယ်ဒေါ်အေးမှတ် လမ်းခုလတ်တွင် ကွယ်လွန်
(စစ်ကောင်စီတပ်ကြောင့်ထွက်ပြေးစဥ်ကွယ်လွန်ခဲ့သောအသက် ၁၀၀ အရွယ်အဘွားဒေါ်အေးမှတ်) |
အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ထွက်ပြေးခဲ့ရသော အသက် (၁၀၀)နှစ်အရွယ် ဒေသခံအဘွားအိုတစ်ဦးသည် လမ်းခုလတ်မှာတွင်ကွယ်လွန်သွားသည်ဟု ဒေသခံများက ပြောသည်။
ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွား ဒေါ်အေးမှတ်သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကိုပင် မကောက်ရသေးကြောင်း ယနေ့(ဒီဇင်ဘာ ၂၃ရက်)အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။
" အမေကြီး ဒေါ်အေးမှတ်က ပြေးတော့ပြေးတယ်။ မြောင်းကြားတခုရောက်တော့ မပြေးနိုင်တော့ဘူး။ နေရစ်တော့မယ်ဆိုပြီးနေရစ်ခဲ့တာ။ အအေးပတ်တာရော၊ လူကြီးဆိုတော့ခံနိုင်ရည်မရှိတာရောကြောင့် ဆုံးပါးသွားတာဖြစ်မယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေါ်အေးမှတ်သည် ရေမြက်ကျောင်းဆရာတော်၏ အမေ ရဟန်းဒါယကာမလည်းဖြစ်ကြောင်းဒေသခံများကပြောသည်။ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းလည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ဘေးရှောင်ရင်း လူစုကွဲပြီး အဘွားဒေါ်အေးမှတ်ပျောက်ဆုံးနေချိန်တွင် တွေ့ရှိပါကအကြောင်းကြားရန် မိသားစုဝင်အချို့က လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၁ရက်တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် တင်ခဲ့သေးသည်။ နောက်တစ်နေ့တွင်မှ လမ်းဘေးတစ်နေရာတွင် သေဆုံးနေသည့်သတင်းကြားရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။
နေအိမ် ၆၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို ဒေသခံများပိုင်ဆိုင်သော ကားနှစ်စီး နှင့် ဆိုင်ကယ်များကိုပါ မီးပုံရှို့သွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။
ယခုအခါ ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေကြရကြောင်း ပြသူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ရေဦး)က ထုတ်ပြန်ထားသည်။
ထို့အပြင် ကျေးရွာအတွင်း လျှပ်စစ်မီးကြိုးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။
People's Spring
No comments:
Post a Comment