ဓာတ်ပုံ - ကညုံကျွန်းရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ဦးဣန္ဒဝံသ |
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့စစ်ဆင်ရေးအတွက် ဘုန်းကြီးကျောင်းတွေမှာတပ်စွဲလေ့ရှိပြီး တပ်စွဲခွင့်မပြုရင် သံဃာကိုဖမ်းတာ၊ ဘုန်းကြီးကျောင်းပိုင်ကားကိုသိမ်းတာတွေလုပ်ဆောင်နေတယ်လို့ ထားဝယ်ခရိုင်က ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်က သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာက မှန်ကျောင်း ( ဘုန်းကြီးကျောင်း) မှာ စစ်တပ်က တပ်စွဲဖို့ လာပြောတဲ့အပေါ် လက်မခံတာကြောင့် ကျောင်းက ကားနှစ်စီးကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆရာတော်ကြီးကအသက်ကြီးနေပြီဆိုတော့ စိတ်ညစ်မှာစိုးလို့ တပ်စွဲတာကို လက်မခံနိုင်ဘူးဆိုပြီးပြောပြတာပါ။ သူတို့ပြောတာကို လက်မခံလို့ထင်တယ် ကျောင်းက ကားနှစ်စီးကို သိမ်းတယ်ဆိုပြီး သိမ်းသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လိုင်စင်မဲ့ကားဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းသွားတာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၉ ရက်ကလည်း လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ ရွာလယ်ကျောင်းမှာ စစ်တပ်က တပ်လာစွဲတာကို လက်မခံတဲ့ကြောင်းပြောခဲ့တဲ့ သံဃာတော်တစ်ပါးကို ဖမ်းဆီးခဲ့ပါတယ်။
”စစ်တပ်လာစွဲတာနဲ့ ပတ်သတ်ပြီး ကျောင်းက သံဃာတွေနဲ့ သူတစ်ခွန်း ကိုယ်တစ်ခွန်း စကားအချေအတင်ဖြစ်ကြသေးတယ်။ မနက်ကျတော့ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပဲ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီဟာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ပါတယ်ဆိုပြီး အသံကောင်းဟစ်နေပေမယ့် တကယ်တမ်းမှာတော့ သူတို့စစ်ရေးအောင်မြင်ဖို့ဆိုရင် သံဃာတော်တွေကိုပါ ဖမ်းဆီး ထောင်ချ ဒုက္ခပေးဖို့ ဝန်လေးသူတွေမဟုတ်ဘူးလို့ ထားဝယ်က သံဃာတစ်ပါးက မိန့်ကြားပါတယ်။
The Tanintharyi Times
No comments:
Post a Comment