ပထမအကြိမ် ဗုံးပစ်ခံရစဉ်က မသေဘဲ ဒုတိယအကြိမ် ပစ်သတ်ခံရခြင်းဟုဆို၊
MFP ၊ ဒီဇင်ဘာ - ၁၂
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ နံနက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရကာ နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံများက MFP သို့ ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၊ ရပ်ကွက်ဥက္ကဌဖြစ်သူ ဦးစိုးငြိမ်းဆိုသူ ဖြစ်ကြောင်း၊ ၄င်းသည် ယနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်(၈)နာရီကျော်အချိန်က ၅၆ လမ်းနှင့် ၁၃၂ လမ်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် အပစ်ခံရကာ နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"လက်ဖက်ရည်ဆိုင်ထိုင်နေတာ အပစ်ခံရတာ၊ ခေါင်းကို ပစ်သွားတယ်လို့ ကြားတယ်၊ သေသွားပြီ ကြားတယ်၊ အုပ်ကြီးလို့ ပြောနေကြတယ်၊ နှစ်ယောက်ထိတာလို့ လည်း ကြားတယ်၊ အခုတော့ စခတွေ ရောက်နေတယ်" ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့် လပိုင်းအတွင်းက"ဇ" ရပ်ကွက်ရုံး၌ ရှိနေစဉ် ဗုံးဖြင့် အပစ်ခံခဲ့ရဖူးသော်လည်း အသက်မသေခဲ့ဘဲ ယခုအခါ ဒုတိယအကြိမ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု နီးစပ်သူအချို့က MFP သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။
အာဏာသိမ်း စစ်ကောင်စီသည် မန္တလးမြို့၌ လမ်းသွားလမ်းလာများကို ပိတ်ဆို့ စစ်ဆေးခြင်း၊ အစစ်အဆေး မခံသူများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် မြို့ခံများကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း ယခုကဲ့သို့ စစ်ကောင်စီနှင့် ဆက်စပ်သူများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment