တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၂
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုရှိ ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်နှိပ်စက်၊ ငွေတွေလုပြီး ဆိုင်ကယ်အမြောက်အများကိုလည်း ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၁၁ ရက် ည ၁၀ နာရီလောက်မှာ ရောက်လာပြီး အောက်ရေဖြူကျေးရွာအုပ်စုထဲမှာရှိတဲ့ ရေဖြူ၊ ထိန်ကြီး၊ ပိန္နဲတော၊ ကဒက်ငယ်ထိန်ကျေးရွာတွေကို တစ်ရွာပြီး တစ်ရွာ ဝင်ရောက်မွှေနှောက် ဒုက္ခပေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အချို့အိမ်တွေမှာ ငွေလုတာ၊ ငွေတောင်းတာခံရတာ၊ အချို့ ရိုက်နှက်နှိပ်စက်ခံရတာနဲ့ အချို့ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ သိရပါတယ်။
“အဲဒီအချိန်က အရမ်းကိုကြောက်ဖို့ကောင်းတယ်။ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်လိုက်ပြီ။ ငါတော့ဒီနေ့သေရတော့မယ်လို့တောင်တွေးနေတာ” လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကိုသိမ်းဆည်းပြီး တစ်စီးကို ကျပ်တစ်သိန်းနှုန်းနဲ့ ဂေါ့အင်းစာသင်ကျောင်းမှာလာရွေးခိုင်းထားတယ်လို့ဆိုပါတယ်။
“ဒလန်ပါလာတယ်ထင်တယ်။ ဒီအိမ်လား။ ဒီအိမ်ကိုဝင်ရမှာလားလို့ပြောပြီး အိမ်ထဲဝင်လာတာ။ ဝင်ဝင်ချင်း ဆိုင်ကယ်ရှိလားပဲ တွင်တွင်မေးတာ။ တခြာဘာမှမမေးဘူး” လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူဦးရေနဲ့ ပြန်ပေးဆွဲခံရတဲ့ ဆိုင်ကယ်အရေအတွက်ကိုတော့ မသိရပါဘူး။
ဒီဇင်ဘာလ ၁၁ ရက်က ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းနဲ့ ကျွဲတိုက်မော်ရွာတွေမှာလည်း အလားတူလုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
The Tanintharyi Times
No comments:
Post a Comment