ကော့ကရိတ် အာရှလမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တပ်ခွဲမှူးတွေအပါအဝင် ၉ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ
ထိခိုက်သေဆုံးဒဏ်ရာရတာတွေ များပြားနေလို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
ဒီဇင်ဘာ-၂၆၊ ၂၀၂၁
ကော့ကရိတ်မြို့ အာရှလမ်းပိုင်းမှာ ဒီကနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးအဆင့်ရှိသူတွေအပါအဝင် ၉ ဦးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးအဖွဲ့ထံကနေ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကေအဲန်ယူမွေးမြူရေးဇုန်အနီးမှာ အာဏာသိမ်စစ်ကောင်စီရဲ့ တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း (၂၁၀)နဲ့ KNLA တပ်မဟာ ၆ တပ်ရင်း ၁၈၊ တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦး အပါအဝင် ကိုးဦးသေဆုံးသွားခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးအဖွဲ့ထံကနေ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ၈ နာရီခွဲကျော်အချိန်က ကော့ကရိတ်- မြဝတီ အာရှလမ်း ကွမ်းသီးတောမှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာစစ်ကြောင်းတို့အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေ ရှိနေပြီး စစ်ကောင်စီကားတစ်စီး ပျက်စီးသွားခဲ့ပါသေးတယ်။
တိုက်ပွဲစဖြစ်ပွားချိန်ဖြစ်တဲ့ မနက် ၅ နာရီခွဲကနေ ၉ နာရီအခွဲထိ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၉၇)တပ်ရင်းထဲကနေ လက်နက်ကြီး ၁၂၀ မမနဲ့ အချက် ၃၀ ကျော်ခန့် ပစ်ခတ်ခဲ့တာပါ။
ဒီကနေ့ ကေအဲန်ယူမွေးမြူရေးဇုန် ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရတာတွေ များပြားနေလို့ နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီ ၁၅ မိနစ်အထိ ၄၅ မိနစ်ကြာ လေကြောင်းနဲ့ ဗုံးသီးတွေကြဲချတာ၊ စက်သေနတ်တွေ ပစ်ခတ်လုပ်ဆောင်ခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးအဖွဲ့ထံကနေ သိရပါတယ်။
𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙
No comments:
Post a Comment