ဒီပဲယင်း ဝပါကျေးရွာကို စကစများ စီးနင်းဝင်ရောက် သောင်းကျန်းမွှေနှောက်နေ၊ ရွာရှိလူကုန် ထွက်ပြေးသော်လည်း မသန်စွမ်းသူ နှစ်ဦး ကျန်ခဲ့၍ စစ်အုပ်စုက ရန်ပြုမည်ကို စိုးရိမ်
MFP ၊ ဒီဇင်ဘာ - ၂၉
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီ လက်နက်ကိုင် အင်အား (၈၀)ခန့် ယနေ့ မနက်ပိုင်းတွင် စီးနင်းဝင်ရောက်လာပြီး သောင်းကျန်းမွှေနှောက်နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က MFP သို့ ပြောသည်။
ယနေ့ ဒီဇင်ဘာ(၂၉)ရက် မနက်(၁၀)နာရီခန့်မှ စတင်ကာ ဝပါ - သပြေသာ ကျေးရွာသို့ စကစများ ဝင်ရောက်လာခြင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်ဆီး၊ လုယက် သောင်းကျန်းနေကြောင်း၊ စကစ ရန်ကြောင့် ရွာလူံးကျွတ် ထွက်ပြေးနေကြသော်လည်း မသန်စွမ်းသူ နှစ်ဦး ကျန်ရစ်ပြီး စစ်အုပ်စုက ရန်ပြုမည်ကို စိုးရိမ်နေကြကြောင်း ၄င်းအဖွဲ့က ဆိုသည်။
"ဒီနေ့ မနက်ပဲ သူတို့ဝင်လာတာ။ အင်အား၈၀၊ ၈ဝကျော်လောက် ရှိတယ်။ ဘာလာလုပ်တာလဲ ဆိုတော့ ထုံးစံအတိုင်း အိမ်တွေ ဖောက်ထွင်း ခိုးယူ ဖျက်ဆီးတာပါပဲ။ မသန်စွမ်း နှစ်ယောက်ပဲ ရွာမှာ ကျန်ခဲ့တယ်။ ရွာခံတွေ အကုန်ပြေး နေကြတယ်။ အခုပဲ ဒေသခံတွေက ဆက်သွယ်ပြောတာပါ" ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က MFP သို့ ပြောသည်။
ဒီဇင်ဘာ(၂၈)ရက်က ရေဦးမြို့နယ်ဘက်မှ ဒီပဲယင်းမြို့နယ်ဘက်သို့ စကစ အင်အား(၈၀)ကျော် တောနင်းလာပြီး ယခုကဲ့သို့ ဝပါ ကျေးရွာသို့ ဝင်မွှေခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ကျေးရွာတွင်း အခြေအနေကို မသိရသေးဘဲ စကစများသည် ဒီပဲယင်းနယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ပစ္စည်းလု၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရေဦးမြို့နယ် ရေမျက်ကျေးရွာသို့ စကစက ရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း စီးနင်းဝင်ရောက်၍ ဒေသခံများကို သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ပြုလုပ်ရာတွင် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စကစများသည် ယခုရက်ပိုင်းအတွင်း ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူ စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းပြီး လူသတ်ခြင်း၊ မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးကာ တန်ဘိုးကြီးပစ္စည်းများ ခိုးယူလုယက်ခြင်းများ လုပ်ဆောင်နေသည်။
Mandalay Free Press - MFP
No comments:
Post a Comment