တာချီလိတ်တွင် တရားဝင်ရော တရားမဝင်ပါ ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံ့ရန် စစ်ကောင်စီ လိုက်လံကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၂၆

လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီက တာချီလိတ်မြို့တွင် လက်နက်ကိုင်ဆောင် ထားသူများ လာရောက်အပ်နှံ့ကြရန် ဒီဇင်ဘာလ ၂၆ရက်က လိုက်လံကြေညာနေကြောင်း ဒေသခံများထံမှ သိရသည်။

တရားဝင် ကိုင်ဆောင်သည်ဖြစ်စေ၊ တရားမဝင်ကိုင်ဆောင်သည်ဖြစ်စေ လက်နက်များကို ဒီဇင်ဘာလ မကုန်ခင် လာရောက်အပ်နှံ့ရန်နှင့် ရဲစခန်းတွင် သွားရောက်အပ်နှံ့ရန် စိုးရိမ်မှုရှိပါက ရပ်ကွက်ရုံးများတွင် အပ်နှံ့ကြရန် ကြေညာသွားကြောင်း ဝမ်ကောင်းရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

“ဒီလကုန်မတိုင်ခင် အပ်ရင် အရေးမယူဘူးပေါ့။ ဟိုးအရင်က လိုင်စင်နဲ့ ကိုင်ဆောင်ဖို့ ခွင့်ပြုထားတာတွေ ရှိတယ်။ အဲဒါတွေလည်း လာအပ်ကြဖို့ဆိုပြီး မိုက်နဲ့လိုက်အော်နေတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်ဆောင်သူများပြားပြီး ပစ်ခတ်မှုများ မကြာခဏဆိုသလို ဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင် စစ်ကောင်စီက ထိုသို့ လိုက်ကြေညာသည်မှာ တာချီလိတ်မြို့ခံများအတွက် ရယ်စရာဖြစ်နေကြောင်း ဝမ်မိုင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“တာချီလိတ်မှာ ဘယ်သူတွေ သေနတ်ကိုင်လဲဆိုတာ ရဲတွေ၊ စရဖတွေ သိပါတယ်။ ပြည်သူ့စစ်တွေဆီမှာလည်း အများကြီးပဲ။ အဲဒါကို လိုက်ကြေညာနေတာ ဟာသပဲ” ဟု ၎င်းက ပျက်ရယ်ပြုသည်။

တာချီလိတ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့မျက်နှာဖုံး သူဌေးများအပါအဝင် လူအများအပြားတွင် သေနတ်ဆောင်လာကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် သေနတ်ကိုင်ဆောင်သည်ကိုမူ မသိရပေ။

MeKong News - မဲခေါင်သတင်း

တာချီလိတ်တွင် တရားဝင်ရော တရားမဝင်ပါ ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံ့ရန် စစ်ကောင်စီ လိုက်လံကြေညာ တာချီလိတ်တွင် တရားဝင်ရော တရားမဝင်ပါ ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံ့ရန် စစ်ကောင်စီ လိုက်လံကြေညာ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.