အဂတိ လိုက်စားမှု ၆ မှုနဲ့ စစ်ကောင်စီရဲ့ စွဲချက်တင်ခံလိုက်ရတဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သူ့မှာအပြစ်မရှိဘူးလို့ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒေါက်တာ အောင်မိုးညိုကို မကွေးထောင် အထူး တရားရုံးမှာ အဂတိအမှု ၂ မှုအတွက် ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့ရာ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ကြောင်း သူ့ရှေ့နေ ဦးမြင့်အောင်က RFA ကို ပြောပါတယ်။
“ဒီနေ့က အမှု နံပါတ် ၆ နဲ့ ၇ ကို ကိုယ်တိုင် စစ်တာပေါ့။ စွပ်စွဲခံရသူကို ကိုယ်တိုင် ဖြေရှင်းခိုင်းပြီးတော့ တရားခံကို ကိုယ်တိုင် စစ်တာပေါ့။ မနက်ဖြန် အမှုအမှတ် ၁၊ ၂၊ ၃၊ ၄ ကို ကိုယ်တိုင် စစ်မှာပေါ့။ ဒေါက်တာ အောင်မိုးညိုကတော့ သူ့မှာ အပြစ်မရှိဘူးဆိုပြီး ငြင်းဆိုပါတယ်”
ဒေါက်တာ အောင်မိုးညိုကို သူနိုင်ငံရေးရာထူးရှိစဉ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း ခြောက်ခုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၅ အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့တာဖြစ်ပြီး အမှု ခြောက်မှုစလုံးကို ပြီးခဲ့တဲ့ တစ်ပတ်က စွဲချက်တင် အမိန့်ချမှတ်ခဲ့တာပါ။
ဒီနေ့ စစ်ဆေးခဲ့တဲ့ အမှု နံပါတ် ၆ ကတော့ မကွေတိုင်းအတွင်းမှာ ကောက်ခံရရှိတဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ အမြတ်ခွန်တွေကို ခွဲဝေချထားတဲ့ ကိစ္စမှာ ပြည်ထောင်စု အစိုးရကို မတင်ပြဘဲ ဆောင်ရွက်ခဲ့တဲ့အတွက် ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ အဂတိလိုက်စားတယ်ဆိုပြီးတော့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။
အမှု နံပါတ် ၇ ကတော့ မကွေးတိုင်းထဲမှာရှိတဲ့ ရေနံ လက်ယက်တွင်းတိမ်တွေမှာ မြေငှားရမ်းခတွေ မကောက်ခဲ့လို့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အဲဒီအချိန်တုန်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရေနံ လုပ်ကွက်တွေမှာ လုပ်ငန်းရှင်တွေကို လိုင်စင်သက်တမ်း တိုးမပေးသေးလို့ မြေငှားခ မကောက်ခံခဲ့တာကို နိုင်ငံတော်အတွက် ဆုံးရှုံးမှုဖြစ်တယ်ဆိုပြီး စွဲဆိုခံရတာလို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
ဒီနေ့ မကွေးထောင်ထဲက တိုင်းတရားလွှတ်တော် တရားသူကြီး ခုံအမှတ် ၂ မှာ အမှုနံပါတ် ၆ နဲ့ ၇ ကို စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ အမှုနံပါတ် ၁၊ ၂၊ ၃၊ ၄ အတွက် ဒေါက်တာ အောင်မိုးညိုကို ဆက်လက် စစ်ဆေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒီအမှုတွေ အားလုံးမှာ အဂတိလိုက်စားမှုတွေအတွက် အမှတ်စဉ် အလိုက် ၁ ကနေ ၇ အထိ ရှိပြီး အမှု ခြောက်မှုမှာ ဒေါက်တာ အောင်မိုးညိုက ပါဝင်နေပြီး ကျန်တဲ့အမှုတွေကတော့ သူ့အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ မကွေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးတာ တို့ပဲ ဖြစ်ပါတယ်။
အမှုအမှတ် ၁ မှာ ဒေါက်တာ အောင်မိုးညိုဟာ ဧဒင် အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ဆီကနေ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက်ကို ကျပ်သိန်း ၅၀၀ လှူဒါန်းငွေ လက်ခံခဲ့ပြီး အဲဒီအတွက် Denko ဆီဆိုင် မြေနေရာ လျှောက်ထားခွင့် ပြန်ပေးခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။
အမှုအမှတ် ၂ နဲ့ ၃ ကတော့ မကွေး ပညာရေးကောလိပ် အဆောက်အအုံအတွက် တင်ဒါ ခေါ်တဲ့အခါမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီကို ချမပေးဘဲနဲ့ တင်ဒါ အဆင့် ၃ သာ ရရှိတဲ့ အခြားကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေးခဲ့တာက နိုင်ငံတော်အတွက် နစ်နာတယ်ဆိုပြီး စွပ်စွဲခံရတာ ဖြစ်ပါတယ်။
အမှု အမှတ် ၄ ကတော့ ပခုက္ကူ နည်းပညာ အထက်တန်းကျောင်း အဆောက်အအုံအတွက် တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ချမပေးဘဲ အခြားကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေးတာဟာ နိုင်ငံတော်အတွက် ဆုံးရှုံးစေတယ်ဆိုပြီးတော့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ပြီးခဲ့တဲ့ ဇွန်လက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ပြီးဖြစ်သလို အမိန့်ချတဲ့နေ့မှာပဲ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)နဲ့ ထပ်မံ စွဲချက်တင်ခံခဲ့ရပါတယ်။
ဒေါက်တာ အောင်မိုးညိုဟာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ပါတီမှာလည်း ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်၊ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment