ရေဦးနယ် ကျေးရွာများသို့ စကစများ ဝင်ရောက်သောင်းကြမ်းနေပြီး တွေ့သမျှလူ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နေ

MFP ၊ ဒီဇင်ဘာ - ၁၄

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ လက်နက်ကိုင်များ စထိုးစစ်ဆင်ကာ စီးနင်းဝင်ရောက် သောင်းကြမ်းနေပြီး ရွာသူရွာသာများကို ဖမ်းဆီးနှိပ်စက် ပစ်ခတ်ခြင်းနှင့် အသုံးအဆောင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ယနေ့ ဒီဇင်ဘာ(၁၄)ရက် မနက်ပိုင်းတွင် ရေဦးမြို့နယ် အရှေ့ဇီးကုန်းရွာအနီးတွင် စစ်ကောင်စီ လက်နက်ကိုင်များက တွေ့သမျှလူကို  သေနတ်ဖြင့် ပစ်ခတ်လျှက် ရှိရာ ရွာသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး တစ်ဦးမှာ ထွက်ပြေးရင်း ပျောက်ဆုံးနေကြောင်း ရေဦးအခြေစိုက် တော်လှန်ရေးအင်အားစု ဖြစ်သာ ဗိုလ်မုတ်ဆိတ်က ဆိုသည်။

"ရေဦးမြို့နယ်၊ အရှေ့ဇီးကုန်းရွာအနီး စခများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တောတွင်းပုန်းနေသော ဇီးကုန်းရွာမှ ဟန်မျိုးဇော်ကို ဒူးကိုကြည်ထိမှန်ပြီး ၊ လူငယ်တစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိပါတယ်။ ကျန်ခဲ့သော ဆိုင်ကယ် သုံးစီးကိုလည်း မီးရှို့ဖျက်စီးသွားပါတယ်"ဟု ဗိုလ်မုတ်ဆိတ်က ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၃)ရက်ကလည်း ရေဦးမြို့နယ် ဘုတ်ရွာကျေးရွာအတွင်း စီးနင်းဝင်ရောက်၍ ပစ်ခတ်ခြင်း၊ တွေ့သမျှလူကို ဖမ်းဆီးနှိပ်စပ်ခြင်းများ လုပ်ဆောင်ခဲ့ရာ  ဒေါ်မြလွင် ဆိုသူတွင်  လက်မောင် သေနတ်မှန် ဒဏ်ရာရရှှိပြီး ဦးကျော်သိန်းဝင်းကိုလည်း စစ်ကောင်စီ လက်နက်ကိုင်များက ၀ိုင်းဝန်းထိုးကြိတ် နှိပ်စက်သဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့တွင် အညိုအမဲစွဲ ဒဏ်ရာများ ရရှိသည်ဟု ဆိုသည်။

အရှေ့ဇီးကုန်းရွာအနီး ထင်တိုင်းကျဲ သောင်းကြမ်းပြီးနောက် လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်များသည် အခြားရွာတစ်ရွာသို့ ဆက်လက်ထွက်ခွာသွားပြီဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရေဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ လက်နက်ပြ၍ စီးနင်းဝင်ရောက် သောင်းကြမ်းကာ လူသတ်ခြင်း၊ ပစ္စည်းလုခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ နေအိမ်နှင့် သာသနိက အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။

Mandalay Free Press - MFP

ရေဦးနယ် ကျေးရွာများသို့ စကစများ ဝင်ရောက်သောင်းကြမ်းနေပြီး တွေ့သမျှလူ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နေ ရေဦးနယ် ကျေးရွာများသို့ စကစများ ဝင်ရောက်သောင်းကြမ်းနေပြီး တွေ့သမျှလူ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နေ Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.