မန္တလေး ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော လူငယ်ဇနီးမောင်နှံ ပစ်သတ်ခံရ

မန္တလေးမြို့ ၆၂လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေချိန် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည့် ဇနီးမောင်နှံ/ Photo - ပေးပို့

ညပိုင်းကလည်း ကျုံးဘေးတွင် ဆိုင်ကယ်စီးလူငယ်များကို စစ်အုပ်စုက ပစ်သတ်၊

MFP ၊ ဒီဇင်ဘာ - ၁၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီးကာ အလုပ်သို့ သွားသော အသက်(၃၀)ဝန်းကျင် ဇနီးမောင်နှံ ယနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်(၇)နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ထိုသို့ လမ်းမပေါ် သွားလာနေချိန် သေနတ်ဖြင့် ပစ်သတ်ခံရသူ လင်မယားနှစ်ဦးသည် မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် သူနာပြုအဖြစ် လုပ်ကိုင်နေသော အမျိုးသမီးနှင့် ၄င်း၏ အမျိုးသားတို့ ဖြစ်ကြောင်း၊ ၆၂လမ်း ခုတင်(၃၀၀)ဆေးရုံရှေ့၌ ယနေ့ မနက်(၇)နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးလုံး သေဆုံးသည်ဟု ဒေသခံများနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

အဆိုပါ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ခုတင်(၃၀၀)အစောင့်ကျ စစ်ကောင်စီလက်နက်ကိုင်များက စစ်ဆေးရန် တားသည်ကို ရပ်မပေးသဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းထွက်နေသော်လည်း စစ်ကောင်စီဘက်ကမူ ၄င်းတို့ လက်ချက်မဟုတ်ဘဲ အမည်မသိလူများက ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကာ ပစ်သတ်ခြင်း ဖြစ်သည်ဟု တုန့်ပြန်ဖြေရှင်းသည်။

မန္တလေးမြို့ခံများ၏ အဆိုအရ အဆိုပါ လင်မယားနှစ်ဦး ပစ်သတ်ခံရသည့် ၆၂လမ်း၊ ခုတင်(၃၀၀)ဆေးရုံ ဂိတ်ပေါက်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ရှိနေပြီး ယခင်ကလည်း ယင်းဆေးရုံအနီး၌ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟု ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရမူ ယနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်(၇)နာရီကျော်အချိန်က ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)၊ ၆၂ လမ်းပေါ်၊ ၁၀၄ လမ်းနှင့် ၁၀၄ Aလမ်းကြား၊ ခုတင်(၃၀၀)ဆေးရုံအနီး  လင်းရောင်ခြည် ဆေးခန်းရှေ့တွင် ကိုအာကာဖြိုးနှင့် မချမ်းမြငြိမ်း (City Hospital သူနာပြု) တို့ နှစ်ဦး ဆိုင်ကယ်စီးလာစဉ် အမည်မသိ ဆိုင်ကယ်မှ  သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နှစ်ဦးလုံး နေရာတွင် သေဆုံးသည်ဟု ဆိုသည်။

သေဆုံးသူ နှစ်ဦးသည် ပြီးခဲ့သည့် လပိုင်းကမှ မင်္ဂလာဆောင်ထားသူများဖြစ်ပြီး အမျိုးသမီးသည် ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။ ထို့အပြင် ၄င်းတို့ မင်္ဂလာဆောင်တွင် မင်္ဂလာလက်ဖွဲ့ ပါဆယ်ပစ္စည်းထဲမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်ဟု နီးစပ်သူများက ဆိုသည်။

ထိုသို့ မန္တလေးမြို့တွင်း လမ်းပေါ် သွားလာနေသူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက မန္တလေးမြို့ပေါ် သွားလာသူများကို နေ့၊ညအချိန်မရွေး တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသလို တားဆီးသည်ကို ရပ်မပေးပါက ပစ်သတ်ခြင်းများ လုပ်ဆောင်နေသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက် ညပိုင်းက မန္တလေး ကျုံးဘေး ၂၆လမ်းနှင့် ၇၈လမ်းထောင့်တွင် ဆိုင်ကယ်စီးလာသော လူငယ်များကို တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်များက ပစ်သတ်ခဲ့သဖြင့် လူငယ်လေးဦး သေနတ်မှန် ဒဏ်ရာရကာ တစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်ဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် ယခင်လများကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေကျင်တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

Mandalay Free Press - MFP

မန္တလေး ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော လူငယ်ဇနီးမောင်နှံ ပစ်သတ်ခံရ မန္တလေး ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော လူငယ်ဇနီးမောင်နှံ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 11:12 Rating: 5

No comments:

Powered by Blogger.