MFP ၊ ဒီဇင်ဘာ - ၁၄
စစ်ကိုင်းမြို့အနီး စစ်ကိုင်း -မုံရွာ ကားလမ်းပေါ် သွားလာနေသော စစ်ကားသုံးစီးကို ယနေ့ မနက်(၉)နာရီကျော်အချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် (၂၀)ထက် မနည်း သေသည်ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၁၄)ရက် မနက်(၉)နာရီခွဲကျော်အချိန်က စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာနှင့် ချိုင်းကြီးရွာကြားတွင် စစ်ကားသုံးစီးကို မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်စည်ဟု ဆိုသည်။
"အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကားသုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ ရှေ့ထွက်မိုင်း ရှစ်လုံးနဲ့ အသုံးပြု တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂ဝဦး သေဆုံးပါတယ်" ဟု PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် PAFD တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ယင်းအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
PAFD တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ(၂၂)ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ကောင်စီဥက္ကဌ မြတ်ကျော် လိုက်ပါလာသော ယာဉ်တန်းကို မိုင်း(၁၁)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးပြီး မြတ်ကျော်မှာမူ ထိခိုက်မှု မရှိဘဲ လွတ်မြောက်သွားခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment