ကနီတွင် မြစ်ထဲ သောင်တင်နေသော စကစ ရေယာဉ်ကို ဖောင်ပေါ် မိုင်းတင်မျှောကာ ဖောက်ခွဲ၊ စကစ (၁၀)ဦးခန့် သေဟုဆို
MFP ၊ ဒီဇင်ဘာ - ၁၄
စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသည့် ရေယာဉ်အုပ်စုကို ဒေသခံ တော်လှန်ရေး မဟာမိတ်များက ဖောင်ပေါ်တွင် မိုင်းများ တပ်ဆင်မျှော၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၀)ဦး သေသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကျောက်လုံးကြီး (ကနီ PDF KLG) က သတင်းထုတ်ပြန်သည်။
ဒီဇသ်ဘာ(၁၃)ရက် ည(၁၂)နာရီဝန်းကျင်က ကနီမြို့နယ် အင်းလယ်ချောင်ရွာအနီး ချင်းတွင်းမြစ်လယ်တွင် သောင်တင်နေသော စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသည့် ရေယာဉ်အုပ်စုကို ကနီ PDF KLG နှင့် ဒေသတွင်း မဟာမိတ်ညီနောင်များ ဖြစ်သော MPDF တပ်ဖွဲ့၊ Gondel Traingle Force တပ်ဖွဲ့နှင့် DRPA အစရှိသော ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ချိန် စစ်ကောင်စီ လက်နက်ကိုင်များဘက်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် အထက်ပါအတိုင်း ဖောင်ပေါ် မိုင်းများတပ်ဆင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲတွင် လက်နက်ကြီး ပစ်ကူများဖြင့် မဟာမိတ်အဖွဲ့များကို ပစ်ခတ်နေစဉ် ဖောင်ပေါ် မိုင်းတင်ကာ ရေမျှော၍ စစ်အုပ်စု အနားအရောက်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁ဝဦး ထက်မနည်း ကျဆုံးနိုင်ပြီး အထိအခိုက် များနိုင်” ဟု ကနီ PDF KLG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီ လက်နက်ကိုင်များ အသေအပျောက်စာရင်းကို MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဒီဇင်ဘာ(၁၂)ရက်ကလည်း ချင်းတွင်းမြစ်မှတဆင့် ကုန်းကြောင်းအတိုင်း တက်လာသော ပျူနှင့် စစ်ကောင်စီ လက်နက်ကိုင်များ ပါသော စစ်အုပ်စုကို ကနီမြို့နယ် ချမ်းသာစုရွာ အနီး၌ ကနီ PDF KLG က တိုက်မိုင်း ခြောက်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ စကစများ (၂၀) ဝန်းကျင် သေခဲ့သေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment