နယ်မြေရှင်းဖို့လာတဲ့ စစ်ကောင်စီ မိုင်းခွဲ တိုက်ခိုက်ခံရပြီး (၂၀)ခန့် သေ၊ စစ်ကူဖို့လာတဲ့ တပ်ဖွဲ့လည်း မိုင်းခွဲခံရ (၇၀)ခန့် ထပ်မံ သေဆုံး
ဒီဇင်ဘာ ၁၂ ရက်၊ ကနီ
စစ်ကိုင်းတိုင်း ကနီနဲ့ မင်းကင်းမြို့နယ်ထဲ နယ်မြေရှင်းဖို့ ကုန်းကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲ တိုက်ခိုက်ခံရပြီး (၂၀)ခန့် သေဆုံးပြီးတော့ စစ်ကူဖို့လာတဲ့ တပ်ဖွဲ့လည်း မိုင်းခွဲခံရပြီး (၇၀)ခန့် ထပ်မံ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ကုန်းကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတို့ဟာ ချမ်းသာစုရွာအနီးမှာ KLG PDF (ကနီ)က ထောင်ထားတဲ့ တိုက်မိုင်း ၆ လုံး ထိမိပြီး (၂၀)ဝန်းကျင် သေဆုံးနိုင်ကြောင်း KLG PDF က ထုတ်ပြန်ထားပါတယ်။
စစ်တပ်နဲ့ ပျူစောထီး (၂၀၀)ဝန်းကျင်ပါတဲ့ ရေယာဥ်အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းသွားကြပြီး ကမ်းနားတစ်လျှောက် ကျေးရွာတွေကို မွှေနှောက်ပစ်ခတ်တာတွေ ရှိနိုင်တဲ့အတွက် လူထုတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
နေ့လယ် ၁၂ နာရီခန့်မှာ မင်းကင်းကနေ ဆယ်ရွာချောင်ဘက်သို့ စစ်ကူဆင်းလာတဲ့ စစ်တပ်၊ ပျူစောထီး အင်အား (၁၀၀)ကျော် ပါဝင်တဲ့ စစ်အုပ်စုကို KLG PDF နဲ့ ဒေသတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေရာ ၄ ခုမှာ မိုင်းခွဲတိုက်ခိုက်ရာ (၇၀)ကျော် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကျန်ရှိတဲ့ စစ်ကောင်စီတပ် (၂၀)ဝန်းကျင်ဟာ လာပို့ရွာထဲ ဝင်ရောက်ပြီး တပ်စွဲနေကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment