MFP ၊ ဒီဇင်ဘာ - ၁၃
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ကနီးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ (၁၃)ရက် မနက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၆၀)ခန့် သေနိုင်ကြောင်း ရွှေတြိဂံ ကာကွယ်ရေးတပ်ရင်းက သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၁၃)ရက် မနက်(၁)နာရီဝန်းကျင်က ကနီမြို့နယ် ဝရာကျေးရွာနှင့် အင်းလည်ချောင်ရွာကြား ချင်းတွင်းမြစ်တွင် သောင်တင်နေသော ကျောက်စိမ်းများ တင်ဆောင်လာသည့် ဖလက် (မော်တော်) ရေယာဉ်တစ်စီးကို ရွှေတြိဂံတပ်ရင်းနှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် (၃၀)ခန့် ကျဆုံး၍ အများအပြား ဒဏ်ရာရရှိသည်ဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းက ထုတ်ပြန်သည်။
ထို့နောက် မနက်(၁၀)နာရီကျော်တွင် ယင်းမာပင်မှ ပုလဲဘက်သို့ ဦးတည်၍ ခြေလျှင် ဖြန့်ဆင်းလာသော အင်အား (၅၀)ကျော်ပါ စစ်ကောင်စီ လက်နက်ကိုင်များကို ယင်းမာပင်မြို့အထွက်တွင် ရွှေတြိဂံ တပ်ရင်း ပြောက်ကျားအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“မိုင်းခွဲတိုက်ခိုက်ပြီး မိနစ် ၄၀ ခန့် စစ်ခွေးများ ငြိမ်သက်သွားကာ ၁၃ ယောက်လောက်သာ မြင်ရတော့ပါတယ်။ အသေအပျောက်မှာ ၃၀ ထက်မနည်း ခန့်မှန်းထားပါတယ်" ဟု အဆိုပါ ယင်းမာပင်မြို့အထွက် မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ စကစများ အများအပြား သေမည်ဖြစ်ကြောင်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော ကျောက်စိမ်းတင် ဖလက်မော်တော်ယာဉ်အား တိုက်ခိုက်ခဲ့မှုတွင် ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီ လက်နက်ကိုင်များကို ကနီဆေးရုံသို့ ပို့ဆောင်နေကြောင်း သတင်းကြားပြီး ကျောက်စိမ်းတင် ဖလက်တစ်စီးလည်း နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံး ဒဏ်ရာရမှုနှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
Mandalay Free Press - MFP
No comments:
Post a Comment