မြိုင်နဲ့ ပေါက်မြို့မှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုက ၃၀နီးပါးကျရှုံး၊ စစ်ကောင်စီက နယ်မြေစိုးမိုးဖို့ အင်အားဖြည့်နေ
မြိုင်၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၁။
မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ PDF တို့ မနေ့က တရက်တည်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ မြိုင် PDF ရဲ့ တာဝန်ခံဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မနက် ၃ နာရီကနေ ညနေ ၄ နာရီ ဝန်းကျင်အထိ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်တာတွေ ပါသလို ထိပ်တိုက်ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့တယ်လို့ မြိုင်PDF ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
"မနက် ၃ နာရီလောက်မှာ သပြေ မုန်တောလမ်းအတိုင်းလာတဲ့ ယာဉ်တန်းဗျ၊ အဲဒါကြတော့ မိုင်းဆွဲတိုက်ခိုက်တာ စစ်သား ၅ ယောက်ကျတယ်ဗျ၊ နောက်တကြိမ်က နံနက် ၅ နာရီလောက်မှာဖြစ်တာဗျ၊ ၆ နာရီလောက်မှာ ဒီကောင်တွေက ပေါက်မြို့ ဇီးပြားလမ်းပေါ်မှာ ဆိုင်ကယ် ၅ စီးနဲ့ကား ၁ စီး နဲလာတာကို မြိုင် PDFနဲ့ပေါက် တိမ်လွှာအဖွဲ့နဲ့ ပူးပေါင်းပြီး မိုင်းဆွဲတယ်။ ထိပ်တိုက်ပစ်ခတ်မှုဖြစ်တယ်ဗျာ၊ အဲဒီမှာတင် ဒီကောင်တွေဘက်က ၅ ယောက်ကျတယ်။ ထိခိုက်ဒဏ်ရာရတာလည်းများတယ်ဗျ၊ နောက်တပွဲက ၁၂ နာရီနဲ့ ၁ နာရီအကြားမှာတစ်ခါဖြစ်တယ်။ အဲဒီမှာလည်း ဒီကောင်တွေ ၃ ယောက်လောက်ကျတယ်။ နောက်တခါ ၃ နာရီနဲ့ ၄ နာရီကြားထဲမှာတိုက် ၁ ကြိမ်ပြန်ဖြစ်တယ်ဗျ" လို့ ပြောပါတယ်။
မနက် ၅ နာရီမှာ ဖြစ်တဲ့ တိုက်ပွဲမှာတော့ PDF တွေမိုင်းထောင်ထားတဲ့ နေရာကို ရောက်လာခဲ့လို့ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ခဲ့လို့ ၁၅ ယောက်ဝန်းကျင်လောက် စစ်ကောင်စီဘက်ကသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
"အကောင်ကြီး ၁ ကောင်ပါတယ်။ ဒီကောင်က အမိန့်ပေးနေတာ မင်းတို့နေရာယူ ဘာညာနဲ့အမိန့်ပေးနေတဲ့အကောင်ကြီးပါကျတာဗျ" လို့ မြေလတ်အသံကို ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ကလည်း မြိုင် PDF နဲ့ ပေါက်မြို့ တိမ်လွှာအဖွဲ့တို့ နယ်မြေရှင်းလင်းရေး လုပ်တဲ့ အချိန်မှာ ဆိုင်ကယ် ၅ စီးနဲ့ G3 ကျည်အတောင့် ၂၀ ကို သိမ်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၁၀၀ ပါသလို ခြေလျင်အင်အား ၁၀၀ နဲ့ စုစုပေါင်း အင်အား ၂၀၀ လောက်နဲ့ ပေါက်နဲ့ မြိုင်မြို့နယ်တွေကို နယ်မြေပြန်စိုးမိုးဖို့ အင်အားဖြည့်နေတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment