ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော
မကွေးတိုင်း ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဒီဇင်ဘာ ၂၇) နေ့လည် ၁၂ နာရီ ခွဲခန့်ကစ၍ ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂ /၁၇) နှင့် စစ်ကောင်စီတပ်တို့ သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်"ဟု ဗိုလ်ဂျပန်က ပြောသည်။
ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်နိုင်သည်ဟု PRA က ထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန် ရေးတပ်မတော်(PRA)က ဆိုသည်။
ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်ကလည်း မကွေးနှင့်စစ်ကိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း PRAက အသိပေးထားသည်။
People's Spring
No comments:
Post a Comment