မြန်မာ-တရုတ်နယ်စပ် မူဆယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၉ရက်)ည ၈ နာရီ မိနစ်၄၀ ဝန်းကျင်မှစတင်၍ လက်နက်ကြီး ၊လက်နက်ငယ်ဖြင့် ပစ်ခတ်သံများဆူညံစွာဖြင့် တိုက်ပွဲဖြစ်ပွားနေသည်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဆင်ဖြူရှင်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောသည်။
သို့သော် မည်သည့်လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက် ခိုက်နေသည်လဲ ဆိုခြင်းနှင့်ပစ်ခတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းတို့ကို မူ People's Spring က အသေးစိတ်မသိရသေးပေ။
မူဆယ်ဒေသတွင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များဖြစ်သော KIA ၊ TNLA ၊ AA ၊MNDAA တပ်ဖွဲ့များရှိသလို အကြမ်းဖက်စစ်ကောင်စီတပ် နှင့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်လည်း ရှိပြီး လက်နက်ကိုင်အဖွဲ့များစွာရှိသောဒေသ ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအပေါ် ခုခံ တိုက်ခိုက်မှုများ ယခုအခါပိုမိုကျယ်ပြန့်လာနေသည်။ ချင်း၊ကရင်နီ ၊စစ်ကိုင်း၊မကွေး၊ကချင်၊ကရင် ၊တနသာ်ရီစသော ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီအပေါ် ပြည်သူများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ခုခံစစ်ဆင်နွှဲနေကြသလို မြို့ကြီးအများစုတွင်လည်း မြို့ပြပျောက်ကျားအဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်နေသည်။ ထို့အပြင် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကိုးကန့်ဒေသတွင်လည်းMNDAA က ပြင်းပြင်းထန်ထန်တုံ့ပြန် တိုက်ခိုက်နေပြီး မူဆယ်ဒေသတွင်ပါ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လာပါက စစ်ကောင်စီအတွက် တိုက်ခိုက်ရသော ဧရိယာပိုများပြားလာမည် ဖြစ်သည်။
People's Spring
No comments:
Post a Comment